ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရား၏ထံတော်မှရပါလိမ့်မည်။
ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-
``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။
ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါ ကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
``ငါ့ကိုဟစ်ခေါ်လော့။ ငါထူးမည်။ စိုးစဉ်းမျှ သင်မသိနားမလည်သည့်ထူးဆန်းအံ့သြ ဖွယ်ကောင်းသောအမှုအရာများကိုသင့် အားငါဖော်ပြမည်။-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။
ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊ သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။
သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
သူတို့သည်သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
ဘုရားသခင်က ``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူသည်ဖြစ်၍ ဒုက္ခရောက်ချိန်များ၌ကျွန်တော်မျိုးသည် ကိုယ်တော်ကိုခေါ်ပါ၏။
ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။
ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။-
ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-
ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူလိမ့်မည်။
ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''
ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။
သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
ငါတို့သည်ကိုယ်တော်ကြောင့်ရွှင်လန်း ဝမ်းမြောက်ကြရ၏။ ငါတို့သည်သန့်ရှင်းမြင့်မြတ်တော်မူသော နာမတော်ကိုကိုးစားကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ စောင့်မျှော်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အားခိုင်မြဲသောမေတ္တာ တော်ကို ခံစားစေတော်မူပါ။
ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ထာဝရဘုရားအားစောင့်မျှော်ကြသူအပေါင်း တို့၊ ကြံ့ခိုင်မှုရှိ၍ရဲရင့်ကြကုန်လော့။
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-
ငါတို့၏ဝန်ထုပ်များကိုနေ့စဉ်နေ့တိုင်း သယ်ဆောင်တော်မူသောထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့ကိုကယ်တော်မူသော ဘုရားဖြစ်တော်မူ၏။
ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောဘုရားဖြစ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ သမ္မာတရားတော်အတိုင်းပြုမူကျင့်ကြံ တတ်ရန် သွန်သင်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို အစဉ်ကိုးစားလျက်နေပါ၏။
သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-
အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။-
အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။
ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။-
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
သို့ရာတွင်ဘုရားသခင်သည်ငါ၏လျှောက်ထားချက်ကို အမှန်ပင်ကြားတော်မူလေပြီ။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူလေပြီ။
ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
ဘုရားသခင်သည်ငါ၏ဆုတောင်းပတ္ထနာကို ပယ်တော်မမူသဖြင့်လည်းကောင်း၊ငါ့ထံမှခိုင်မြဲသော မေတ္တာတော်ကိုရုပ်သိမ်းတော်မမူသဖြင့်လည်းကောင်း ငါသည်ကိုယ်တော်အားချီးမွမ်းထောမနာပြုပါ၏။
ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခေါ်သံကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးအားသနားကြင်နာတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုကူမတော်မူပါ'' ဟူ၍ တောင်းလျှောက်ခဲ့ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
ငါသည်ထာဝဘုရားအား ဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ပေါ်လွင် ထင်ရှားစေတော်မူပါ။
ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
ထာဝရဘုရားသည်သင်တို့အားမကယ်နိုင် လောက်အောင်အားအင်ချည့်နဲ့တော်မူသည် မဟုတ်။ ကူမတော်မူပါဟုသင်တို့ဟစ်အော် တောင်းလျှောက်သံကိုမကြားနိုင်လောက်အောင် နားမလေး။-
လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
ကျွန်တော်မျိုး၏ပူပင်သောကအပေါင်းကို ငြိမ်းစေတော်မူလျက် ကျွန်တော်မျိုးအားဆင်းရဲဒုက္ခအပေါင်းမှ ကယ်တော်မူပါ။
ကျွန်တော်မျိုးခံစားရသောဒုက္ခများနှင့် ဝေဒနာအပေါင်းကိုအောက်မေ့ဆင်ခြင်တော် မူ၍ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
လူမျိုးခြားများနှင့်ယုဒအမျိုးသားများ ဖြစ်သည့်ငါတို့သည် ခရစ်တော်အားဖြင့်တစ် ပါးတည်းသောဝိညာဉ်တော်ကိုအမှီပြုလျက် ခမည်းတော်၏ရှေ့တော်သို့ဝင်ရောက်ခွင့်ရရှိ ကြပေသည်။
လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
ချစ်ခြင်းမေတ္တာ၌ကြောက်စိတ်မရှိနိုင်။ ပြည့်ဝ စုံလင်သည့်မေတ္တာသည်ကြောက်စိတ်ကိုပယ်ရှား တတ်၏။ ကြောက်စိတ်သည်အပြစ်ဒဏ်ခံရမှုကို စောင့်မျှော်တတ်သဖြင့်ကြောက်စိတ်ရှိသူ၌ မေတ္တာပြည့်ဝစုံလင်ခြင်းမရှိပေ။
ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်၏အလင်းဖြစ်လျက်အကျွန်ုပ်၏ အမှောင်ကိုလင်းစေတော်မူ၏။
``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။
အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
ငါ၏ထံတွင်သင်ကြားမြင်ခဲ့သမျှကိုပြု ကျင့်ကြလော့။ သို့ပြုလျှင်ငါတို့အားငြိမ် သက်ခြင်းကိုပေးတော်မူသောဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
သင်တို့သည်အပြစ်သားများပင်ဖြစ်သော်လည်း မိမိတို့၏သားသမီးများအားကောင်းမွန်သော အရာများကိုပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက် သူတို့အားကောင်းမွန်သောအရာတို့ကိုသာ၍ ပင်ပေးတော်မူမည်မဟုတ်လော။
အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
ကိုယ်တော်သည်သင့်အားခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။ သင့်ကိုကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည်အိပ်တော်မမူ။
မိခင်သည်သားငယ်ကိုနှစ်သိမ့်စေသကဲ့သို့ငါသည်သင်တို့အား ယေရုရှလင်မြို့တွင်နှစ်သိမ့်စေမည်။-
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော်မည်သည့်အရာမျှငါ တို့အားကိုယ်တော်၏မေတ္တာတော်နှင့်မကွဲမကွာ စေနိုင်။ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ ကောင်းကင်အာဏာ ပိုင်ဖြစ်စေ၊ ပစ္စုပ္ပန်အရာဖြစ်စေ၊ အနာဂတ် အရာဖြစ်စေ၊-
ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။
``သို့ရာတွင်ငါ့ကိုကိုးစား၍ယုံကြည်သူအား ငါကောင်းချီးပေးမည်။
ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။''
အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
ကျွန်တော်မျိုးသည်ဆိုးသွမ်းသောလမ်းသို့ လိုက်သည်မလိုက်သည်ကိုစစ်ဆေးတော်မူ၍ ထာဝရလမ်းထဲသို့ပို့ဆောင်တော်မူပါ။
ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏ကွယ်ကာရာနှင့် ခိုလှုံရာဖြစ်တော်မူပါ၏။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကတိတော်ကို စောင့်မှော်လက်နေပါ၏။
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။
ထာဝရဘုရားက၊ ``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ မြက်ပင်တမျှသာအသက်ရှည်သူ သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို နံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုး၏ဘက်မှခုခံကာကွယ်တော် မူသော အရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးခိုလှုံရာကားကျွန်တော်မျိုးကို ချစ်တော်မူသောဘုရားသခင်ပေတည်း။
ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။