အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


မြည်​တမ်း​စ​ကား 4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
မြည်​တမ်း​စ​ကား 4

ကြောက်မက်ဖွယ်ရာများ ကြုံတွေ့ရသောမြို့

1 ရွှေ​သည် အရောင်မှိန်​သွား​ပါ​ပြီ​တကား​။ ရွှေ​စင်​သည် အရောင်ပြောင်း​သွား​ပါ​ပြီ​တကား​။ သန့်ရှင်းရာဌာန​မှ ကျောက်​များ​သည်​လည်း လမ်းဆုံလမ်းခွ​တို့​၌ ပြန့်ကျဲ​နေ​ပါ​ပြီ​တကား​။

2 ရွှေစင်​သဖွယ်​အဖိုးတန်​သော ဇိအုန်​မြို့သား​တို့​ကို အိုးထိန်းသည်​လက်​ဖြင့်​လုပ်​သော​မြေ​အိုး​ကဲ့သို့ ထင်မှတ်​ကြ​လေ​ပြီ​တကား​။

3 ခွေးအ​တို့​ပင်လျှင် သားပေါက်​ကို နို့တိုက်​တတ်​၏​။ ငါ့​လူမျိုး​သမီးပျို​တို့​မူကား ကန္တာရ​ငှက်ကုလားအုတ်​ကဲ့သို့ ရက်စက်​တတ်​ပါ​သည်​တကား​။

4 နို့စို့ကလေးငယ်​သည် နို့ဆာ​သောကြောင့် သူ​၏​လျှာ​သည် အာခေါင်​၌ ကပ်​နေ​၏​။ ကလေးသူငယ်​တို့​သည် မုန့်​ကို​တောင်း​သော်လည်း ပေး​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။

5 စားကောင်းသောက်ဖွယ်​များ စား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း လမ်း​များ​ပေါ်မှာ ငတ်မွတ်သေကျေ​ကြ​ရ​လေ​ပြီ​။ ကြက်သွေးရောင်​အိပ်ရာ​ပေါ်မှာ စံစား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း နောက်ချေးပုံ​ပေါ်၌ အိပ်​ရ​လေ​ပြီ​။

6 မည်သူမျှ​မ​တိုက်ခိုက်​ဘဲ တစ်ခဏအတွင်း ပြိုလဲ​သွား​သော သောဒုံ​မြို့​ခံရ​သော​အပြစ်ဒဏ်​ထက် ငါ့​လူမျိုး​သမီးပျို ခံရ​သော​အပြစ်ဒဏ်​သည် ကြီးလေး​ပါ​သည်​တကား​။

7 သူ​၏​အကြီးအကဲ​တို့​သည် နှင်းပွင့်​ထက်​စင်ကြယ်​၍ နို့ရည်​ထက်​ဖြူ​ခဲ့​၏​။ သူ​တို့​၏​အသားအရေ​သည် ပတ္တမြား​ထက်​နီ​၏​။ နီလာ​ကဲ့သို့ တောက်ပ​သော​အဆင်း ရှိ​ခဲ့​၏​။

8 ယခုမူ သူ​တို့​၏​အသား​သည် မီးသွေး​ထက်​မည်း​သဖြင့် လမ်း​တွင်​တွေ့​လျှင်ပင် မ​မှတ်မိ​၊ အသားအရေ​သည် အရိုး​၌​ကပ်​နေ​သဖြင့် ထင်းခြောက်​သဖွယ် ဖြစ်​လေ​ပြီ​။

9 ဓားဘေး​ဖြင့် သေ​ရ​သော​သူ​တို့​သည် လယ်ယာ​သီးနှံ​မထွက်​သောကြောင့် ငတ်မွတ်​၍ သေ​ရ​သော​သူ​တို့​ထက် သာ၍​ကောင်း​၏​။

10 သနားကြင်နာ​တတ်​သော​မိန်းမ​များ​ပင်လျှင် မိမိ​ရင်သွေး​များ​၏​အသား​ကို ချက်ပြုတ်စား​ကြ​ပြီ​။ ငါ့​လူမျိုး​သမီးပျို​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သူ​တို့​ရင်သွေး​သည် သူ​တို့​အတွက် စားစရာ​ဖြစ်​လေ​ပြီ​။

11 ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။

12 ရန်ပြု​လာ​သော​ရန်သူ​တို့ ဂျေရုဆလင်​မြို့​တံခါး​ထဲ ဝင်ရောက်​လာ​နိုင်​သည်​ကို မည်သည့်​မြေကြီး​ဘုရင်​မျှ​၊ မည်သည့်​လောက​လူသား​မျှ မ​ယုံ​နိုင်​ကြ​ပေ​။

13 ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကို မြို့​လယ်ခေါင်​၌ သွန်း​ခဲ့​သော ပရောဖက်​တို့​၏​အပြစ်​၊ ယဇ်ပုရောဟိတ်​တို့​၏​ဒုစရိုက်​များ​ကြောင့် ဤသို့​ဖြစ်​ရ​လေ​ပြီ​။

14 သူ​တို့​သည် လမ်း​များ​ပေါ်တွင် မမြင်မကန်း​လှည့်လည်​သွားလာ​နေ​ကြ​၏​။ သူ​တို့​သည် သွေး​ဖြင့်​ညစ်စွန်း​နေ​သောကြောင့် မည်သူ​မျှ​သူ​တို့​အဝတ်​ကို မ​ထိ​ဝံ့​ကြ​။

15 လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။

16 ထာဝရဘုရား​ကိုယ်တော်တိုင် သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပြီ​။ သူ​တို့​ကို မ​ကြည့်ရှု​တော့​ပေ​။ လူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​ကို မ​ရိုသေ​ကြ​။ သက်ကြီးဝါကြီး​တို့​ကို မ​သနား​ကြ​။

17 ငါ​တို့​သည် ကူညီမစ​ခြင်း​ကို အချည်းနှီး​စောင့်မျှော်​လျက် ငါ​တို့​မျက်စိ​သည် အားအင်ကုန်ခန်း​လေ​ပြီ​။ မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​ကို စောင့်မျှော်​နေ​မိ​ပြီ​။

18 သူ​တို့​သည် ငါ​တို့​ကို ခြေရာခံ​လိုက်​ကြ​သောကြောင့် လမ်း​ပေါ်၌ ငါ​တို့​မ​သွား​မ​လာ​နိုင်​။ ငါ​တို့​နိဂုံးချုပ်​ချိန် နီးလာ​ပြီ​။ ငါ​တို့​နိဂုံးချုပ်​ချိန် ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​အသက်ရှင်​ရ​သော​နေ့ ကုန်ဆုံး​လေ​ပြီ​။

19 ငါ​တို့​ကို လိုက်​သော​သူ​တို့​သည် ကောင်းကင်​လင်းယုန်ငှက်​ထက် သာ၍​လျင်မြန်​ကြ​၏​။ တောင်​များ​ပေါ်တွင် ငါ​တို့​ကို အပြင်းအထန်​လိုက်​ကြ​၏​။ တောကန္တာရ​တွင်​လည်း ငါ​တို့​ကို ချောင်းမြောင်း​ကြ​၏​။

20 ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။

21 ဥဇ​ပြည်​၌​နေထိုင်​သော ဧဒုံ​သမီးပျို​၊ ရွှင်မြူး​ထား​နှင့်​လော့​။ ဝမ်းမြောက်​ထား​နှင့်​လော့​။ ဖလား​တော်​သည် သင့်​ထံ​ကူးလာ​မည်​ဖြစ်၍ သင်​သည်​သောက်​၍ ယစ်မူး​သဖြင့် အဝတ်​အချည်းစည်း​ဖြစ်​ရ​လိမ့်မည်​။

22 အို ဇိအုန်​သမီးပျို​၊ သင်​ခံရ​သော​အပြစ်ဒဏ်​ပြီးဆုံး​လေ​ပြီ​။ သင်​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ အို ဧဒုံ​သမီးပျို​၊ သင်​မူကား ဒဏ်ခတ်​ခံရ​လိမ့်မည်​။ သင်​၏​အပြစ်​များ​ကို ဖော်ထုတ်​တော်မူ​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative