အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


၁ ရာ 29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
၁ ရာ 29

ဒါဝိဒ်ကို ဖိလိတ္တိလူမျိုးတို့ငြင်းပယ်ခြင်း

1 ဖိလိတ္တိ​တပ်​တစ်တပ်လုံး​သည် အာဖက်​မြို့​၌ စုဝေး​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​ကား ယေဇရေလ​မြို့​ရှိ စမ်းရေတွင်း​နား​၌ စခန်းချ​ကြ​၏​။

2 ဖိလိတ္တိ​မင်း​တို့​သည် ရာချီ​တပ်​၊ ထောင်ချီ​တပ်​တို့​နှင့် ချီတက်​ကြ​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည်​လည်း အာခိတ်​မင်းကြီး​နှင့်အတူ သူ​တို့​နောက်​မှ​လိုက်​၍ ချီသွား​ကြ​၏​။

3 ဖိလိတ္တိ​တပ်မှူး​တို့​က “​ဤ​ဟေဗြဲ​လူမျိုး​တို့​သည် ဘာ​လာလုပ်​ကြ​သနည်း​”​ဟု မေး​လျှင် အာခိတ်​မင်းကြီး​က ဖိလိတ္တိ​တပ်မှူး​တို့​အား “​ဤ​သူ​ကား အစ္စရေး​ရှင်ဘုရင်​ရှောလု​၏​အစေအပါး ဒါဝိဒ်​ဖြစ်​၏​။ ငါ့​ထံ​ရောက်လာ​သည်​မှာ နှစ်​နှင့်​ချီ​ရှိ​ပြီ​။ ရှောလု​ကို သူ​စွန့်ခွာ​လာ​သော​နေ့​မှစ၍ ယနေ့​အထိ သူ​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​”​ဟု ဆို​၏​။

4 ဖိလိတ္တိ​တပ်မှူး​တို့​သည် သူ့​ကို​အမျက်ထွက်​၍ သူ့​အား “​ဤ​လူ​ကို ပြန်ခိုင်း​ပါ​။ သင်​ပေး​နေ​သော​အရပ်​သို့ ပြန်သွား​ပါစေ​။ စစ်ပွဲ​၌ ငါ​တို့​ကို ရန်ပြု​ပြီး ပြန်​မ​တိုက်ခိုက်​မည့်​အကြောင်း ငါ​တို့​နှင့်အတူ တိုက်ပွဲ​သို့ မ​လိုက်လာ​ပါစေ​နှင့်​။ သူ့​သခင် သူ့​ကို​ပြန်လက်ခံ​အောင် သူ​မည်သို့​ပြု​နိုင်​မည်နည်း​။ ဤ​သူ​တို့​၏​ခေါင်း​များ​အားဖြင့်​သာ မ​ဟုတ်​လော​။

5 ‘​ရှောလု​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု လူ​တို့ သီဆို​ကခုန်​ဂုဏ်ပြု​ခဲ့​သူ​မှာ ဤ​ဒါဝိဒ်​ပင် မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။

6 ထို့ကြောင့် အာခိတ်​မင်းကြီး​က ဒါဝိဒ်​ကို​ခေါ်​၍ “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ စင်စစ် သင်​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပါ​၏​။ သင်​သည် ငါ့​ထံ​ရောက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် သင်​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​။ ထို့ကြောင့် ယနေ့ ငါ​နှင့်အတူ သင်​တိုက်ပွဲဝင်​ဖို့ ငါ​အလိုရှိ​သော်လည်း အခြား​မင်း​တို့​မူကား အလို​မ​ရှိ​ကြ​။

7 သို့ဖြစ်၍ ယခုမှာ သင် အေးအေးချမ်းချမ်း​ပြန်​သွား​ပါ​။ သင့်​ကို ဖိလိတ္တိ​မင်း​တို့ အဆိုး မ​မြင်​စေ​ပါ​နှင့်​”​ဟု ဆို​လျှင်

8 ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “အကျွန်ုပ် မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​တို့​ကို စစ်တိုက်​သွား​ခွင့်​မ​ရ​အောင် အရှင့်​ထံသို့​ရောက်​သည့်​နေ့​မှစ၍ ယနေ့​အထိ အရှင့်​အစေအပါး​၌ မည်သည့်​အပြစ်​ကို အရှင်​တွေ့ရှိ​ပါ​သနည်း”​ဟု ပြန်ပြော​၏​။

9 အာခိတ်​မင်းကြီး​က ဒါဝိဒ်​အား “​သင်​သည် ငါ့​အဖို့ ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်​ပါး​ကဲ့သို့ နှစ်သက်ဖွယ်​ဖြစ်​သည်​ကို ငါ​သိ​၏​။ သို့သော် ဖိလိတ္တိ​တပ်မှူး​တို့​က ‘​သူ​သည် ငါ​တို့​နှင့်အတူ စစ်တိုက်​မ​လိုက်​ရ​’​ဟု ပြော​ကြ​ပြီ​။

10 ထို့ကြောင့် သင်​နှင့်​လိုက်ပါ​လာ​သော သင့်​သခင်​၏​အစေအပါး​တို့​နှင့်အတူ နံနက်​စောစောထ​လော့​။ နံနက်​စောစောထ​၍ မိုးလင်း​သည်​နှင့် ထွက်သွား​ကြ​လော့​”​ဟု ဆို​၏​။

11 ထို့ကြောင့် ဒါဝိဒ်​သည် နံနက်​စောစောထ​၍ သူ​နှင့် သူ့​နောက်လိုက်​တို့​သည် ဖိလိတ္တိ​ပြည်​သို့ ပြန်​သွား​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား ယေဇရေလ​မြို့​သို့ ချီသွား​ကြ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative