၁ ရာ 28 - မြန်မာ့စံမီသမ္မာကျမ်းရှောလုမင်းကြီးနှင့်နတ်ဝင်သည် 1 ထိုကာလတွင် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်တိုက်ရန် စစ်အင်အားစုဆောင်း၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “သင်နှင့်သင့်နောက်လိုက်တို့က ငါနှင့်ပူးပေါင်းစစ်တိုက်ရမည်ကို သင်နားလည်သဘောပေါက်လိမ့်မည်”ဟု ဆိုလျှင် 2 ဒါဝိဒ်က အာခိတ်မင်းကြီးအား “အရှင့်အစေအပါး မည်သို့ပြုနိုင်သည်ကို အရှင် သိမြင်ရလိမ့်မည်”ဟု ဆို၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “ကောင်းပြီ။ သင့်ကို ငါ၏သက်တော်စောင့်အဖြစ် ရာသက်ပန်ခန့်လိုက်ပြီ”ဟု ပြန်ပြော၏။ 3 ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။ 4 ဖိလိတ္တိလူမျိုးတို့ စုရုံးပြီး ရှုနင်မြို့သို့ လာရောက်၍ စခန်းချကြသောအခါ ရှောလုသည်လည်း အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံးပြီး ဂိလဗောတောင်ပေါ်တွင် စခန်းချကြ၏။ 5 ရှောလုမင်းကြီးသည် ဖိလိတ္တိတပ်ကိုမြင်လျှင် အလွန်ကြောက်ရွံ့တုန်လှုပ်သဖြင့် 6 ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။ 7 ထိုအခါ ရှောလုမင်းကြီးသည် မိမိအစေအပါးတို့အား “နတ်ကတော်တစ်ဦးကို ရှာပေးပါ။ သူ့ဆီသွားပြီး ငါမေးမြန်းမည်”ဟု ဆိုလျှင် သူ့အစေအပါးတို့က “အင်္ဒေါရမြို့တွင် နတ်ကတော်တစ်ဦးရှိပါ၏”ဟု ဆိုကြ၏။ 8 ရှောလုမင်းကြီးသည် ရုပ်ဖျက်၍ တခြားအဝတ်ကိုဝတ်ပြီးလျှင် သူ့နောက်လိုက်နှစ်ဦးနှင့်အတူ သွားရာ ညအချိန်တွင် ထိုမိန်းမရှိရာသို့ ရောက်လာ၏။ ရှောလုမင်းကြီးက သူ့အား “နတ်ကို အမှီပြု၍ ငါပြောသောသူကို ခေါ်ပေးပါလော့”ဟု ဆို၏။ 9 သို့သော် ထိုမိန်းမက “စင်စစ် ရှောလုမင်းကြီးသည် နတ်ဝင်သည်များ၊ နတ်ထိန်းသည်များအား တိုင်းပြည်ထဲမှ သုတ်သင်ဖယ်ရှားပစ်လိုက်သည်ကို သင်သိပါလျက်နှင့် အကျွန်ုပ်အသတ်ခံရအောင် အဘယ်ကြောင့် ထောင်ချောက်ဆင်သနည်း”ဟု ပြန်ပြော၏။ 10 ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။ 11 ထိုမိန်းမက “မည်သူ့ကို ခေါ်ပေးရမည်နည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “ရှမွေလကို ခေါ်ပေးပါ”ဟု ဆို၏။ 12 ထိုမိန်းမသည် ရှမွေလကို မြင်လျှင် အသံကျယ်လောင်စွာအော်ဟစ်လျက် ရှောလုမင်းကြီးအား “အဘယ်ကြောင့် အကျွန်ုပ်ကို လှည့်စားသနည်း။ အရှင်ကား ရှောလုမင်းကြီးပင် မဟုတ်လော”ဟု ပြောဆိုလေ၏။ 13 ရှင်ဘုရင်ကလည်း သူ့အား “သင်မကြောက်နှင့်။ ယခု အဘယ်အရာကို သင်မြင်သနည်း”ဟု မေးလျှင် ထိုမိန်းမက ရှောလုမင်းကြီးအား “မြေကြီးထဲမှ ဘုရားတစ်ပါး တက်လာသည်ကို မြင်ရပါ၏”ဟု ပြောပြ၏။ 14 ရှောလုမင်းကြီးကလည်း “မည်သည့်ပုံစံ ရှိသနည်း”ဟု မေးလျှင် သူက “ဝတ်လုံဝတ်ထားသောအဖိုးအိုတစ်ဦး တက်လာပါ၏”ဟု ဆို၏။ ထိုသူသည် ရှမွေလ ဖြစ်ကြောင်း ရှောလုမင်းကြီး သိသဖြင့် မြေကြီးပေါ် ပျပ်ဝပ်လျက် ရှိခိုးလေ၏။ 15 ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။ 16 ရှမွေလကလည်း “ထာဝရဘုရားသည် သင့်ကိုစွန့်ပစ်၍ သင့်ရန်သူဖြစ်သွားသည်ကိုပင် အဘယ်ကြောင့် ငါ့ကို မေးမြန်းသေးသနည်း။ 17 ငါ့အား ထာဝရဘုရား မြွက်ဆိုတော်မူသည့်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် သင့်လက်ထဲရှိနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်အမျိုးသားချင်းဒါဝိဒ်အား ပေးတော်မူပြီ။ 18 သင်သည် ထာဝရဘုရား၏စကားတော်ကို မနာခံ၊ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်အတိုင်း အာမလက်လူမျိုးတို့အား မပြုခဲ့သောကြောင့် ထာဝရဘုရားသည် ယနေ့ သင့်အား ဤသို့ပြုတော်မူပြီ။ 19 ထာဝရဘုရားသည် သင်နှင့်အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်။ မနက်ဖြန်နေ့တွင် သင်နှင့် သင့်သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် အစ္စရေးစစ်သည်တို့ကိုလည်း ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်”ဟု သူ့အား ဆို၏။ 20 ရှမွေလစကားကို ရှောလုမင်းကြီး ကြားလျှင် အလွန်ကြောက်ရွံ့လျက် ချက်ချင်းမြေပေါ် အရုပ်ကြိုးပြတ်လဲကျလေ၏။ တစ်နေ့လုံး တစ်ညလုံး အစာမစားထားသဖြင့် အားလည်း မရှိတော့ပေ။ 21 ထိုမိန်းမသည် ရှောလုမင်းကြီးထံ လာ၍ ရှောလုမင်းကြီး အလွန်ထိတ်လန့်နေသည်ကို မြင်လျှင် သူ့အား “ကြည့်ရှုလော့။ အရှင့်ကျွန်မသည် အရှင်၏စကားကို နားထောင်ပါပြီ။ ကိုယ့်အသက်ကိုရင်း၍ အရှင်ပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ 22 ယခု အရှင်သည်လည်း အရှင့်ကျွန်မစကားကို နားထောင်ပါလော့။ အရှင့်ရှေ့၌ စားစရာအနည်းငယ် တည်ခင်းပါရစေ။ အရှင်အားပြန်ပြည့်၍ ခရီးဆက်နိုင်ရန်အတွက် သုံးဆောင်ပါလော့”ဟု ဆို၏။ 23 ရှောလုမင်းကြီးက “ငါမစားပါ”ဟု ငြင်းဆန်သော်လည်း သူ၏အစေအပါးတို့နှင့်ထိုမိန်းမက တိုက်တွန်းသဖြင့် သူသည် သူတို့၏စကားကိုနားထောင်၍ မြေပေါ်မှထကာ ခုတင်ပေါ်တွင် ထိုင်လေ၏။ 24 ထိုမိန်းမသည် အိမ်၌ရှိသောဆူဖြိုးသည့်နွားသငယ်ကို ချက်ချင်းသတ်၏။ မုန့်ညက်ကိုလည်း ယူ၍နယ်ပြီးလျှင် တဆေးမဲ့မုန့်ကို ဖုတ်လေ၏။ 25 ထို့နောက် ရှောလုမင်းကြီးနှင့် သူ့အစေအပါးတို့ရှေ့တွင် တည်ခင်းပေးသဖြင့် သူတို့သည် စားသောက်ကြပြီးလျှင် ထိုည၌ပင် ထ၍ပြန်သွားကြလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative