ငြိမ်းချမ်းသောမြို့တော်1 ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်တော်။ 2 နောက်ဆုံးသောကာလ၌ ထာဝရဘုရားအိမ်တော်တည်ရာတောင်သည် တောင်တို့၏အထွတ်အထိပ်၌တည်၍ တောင်ကုန်းတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း ထိုတောင်သို့ စုဝေးလာကြလိမ့်မည်။ 3 လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။ 4 ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။ ထာဝရဘုရား၏နေ့ရက်5 အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။ 6 အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။ 7 သူတို့ပြည်သည် ရွှေငွေနှင့်ပြည့်၍ သူတို့၏ဥစ္စာဘဏ္ဍာသည် အတိုင်းမသိများပြား၏။ သူတို့၏ပြည်သည် မြင်းများနှင့်ပြည့်၍ သူတို့၏စစ်ရထားတို့သည် အတိုင်းမသိများပြား၏။ 8 သူတို့ပြည်သည် ရုပ်တုများနှင့်ပြည့်၍ သူတို့သည် မိမိတို့လက်ဖြင့်လုပ်သောအရာ၊ မိမိတို့လက်ချောင်းများဖြင့် ပြုလုပ်သောအရာတို့ကို ရှိခိုးကိုးကွယ်ကြ၏။ 9 သို့ဖြစ်၍ လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ သူတို့ကိုခွင့်လွှတ်တော်မမူပါနှင့်။ 10 ထာဝရဘုရား၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် ကျောက်ဆောင်ထဲသို့ဝင်၍ မြေကြီးထဲ၌ပုန်းနေကြလော့။ 11 ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။ 12 အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။ 13 ထိုနေ့ရက်၌ လက်ဘနွန်တောင်ရှိ မြင့်မားသောသစ်ကတိုးပင်၊ ဗာရှန်တောင်ရှိဝက်သစ်ချပင်၊ 14 မြင့်မားသောတောင်၊ ချီးမြှောက်ထားသောတောင်ကုန်း၊ 15 မြင့်မားသောမျှော်စင်၊ ခိုင်ခံ့သောမြို့ရိုး၊ 16 တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။ 17 ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။ 18 ရုပ်တုတို့သည်လည်း လုံးဝပျောက်ကွယ်သွားမည်။ 19 ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။ 20 ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။ 21 ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်ဆောင်အက်ကွဲကြောင်းများ၊ ကျောက်ဂူများထဲသို့ ပြေးဝင်ကြလိမ့်မည်။ 22 နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative