1 သင်တို့၏ညီအစ်ကိုတို့ကို “ငါ့လူမျိုး”၊ သင်တို့၏နှမတို့ကို “ငါ့ချစ်သူ”ဟု ခေါ်ကြလော့။ အိမ်ထောင်ရေးဖောက်ပြန်သောအစ္စရေးလူမျိုးကို ပြစ်တင်ဆုံးမခြင်း2 “သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။ 3 သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။ 4 သူ့သားသမီးတို့သည်လည်း ပြည့်တန်ဆာသားသမီးဖြစ်သောကြောင့် သူတို့ကို ငါသနားစုံမက်မည်မဟုတ်။ 5 သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။ 6 ထို့ကြောင့် သူသွားမည့်လမ်းကို ဆူးပင်များနှင့် ငါကာထားမည်။ သူသွားမည့်လမ်းကို ရှာမတွေ့အောင် တံတိုင်းကာထားမည်။ 7 သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။ 8 သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။ 9 ထို့ကြောင့် ရိတ်သိမ်းချိန်တွင် ကောက်ပဲသီးနှံကိုလည်းကောင်း၊ စပျစ်သီးပေါ်ချိန်တွင် စပျစ်ဝိုင်အသစ်ကိုလည်းကောင်း ငါပြန်သိမ်းယူမည်။ သူ့အရှက်ကိုဖုံးပေးသော သိုးမွေးနှင့် ချည်ချောတို့ကိုလည်း ငါချွတ်ပစ်မည်။ 10 ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။ 11 သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။ 12 ‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။ 13 သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အိမ်ထောင်ရေးဖောက်ပြန်သောအစ္စရေးလူမျိုးကို ခွင့်လွှတ်ခြင်း14 သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။ 15 ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။ 16 တစ်ဖန် ထာဝရဘုရားက “ထိုနေ့တွင် သင်သည် ငါ့ကို ‘သခင်’ဟု မခေါ်တော့ဘဲ ‘ခင်ပွန်း’ဟု ခေါ်လိမ့်မည်။ 17 ဗာလဘုရား၏အမည်နာမတို့ကို သူ့နှုတ်မှ ငါဖယ်ရှားပစ်မည်။ ထိုနာမည်တို့ကို သတိရတော့မည်မဟုတ်။ 18 ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။ 19 သင့်ကို ထာဝရဇနီးဖြစ်စေမည်။ သင့်ကို ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားစုံမက်ခြင်းဖြင့် လက်ထပ်ယူမည်။ 20 သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။ 21 တစ်ဖန် ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါထူးတော်မူမည်။ ငါသည် မိုးကောင်းကင်ကို ထူးတော်မူမည်။ မိုးကောင်းကင်လည်း မြေကြီးကို ထူးလိမ့်မည်။ 22 မြေကြီးသည် ဆန်စပါး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို ထူးလိမ့်မည်။ ထိုအရာတို့သည်လည်း ယေဇရေလကို ထူးလိမ့်မည်။ 23 သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative