အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


၁ ကော 5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း ခေတ်သစ်​မြန်မာ သမ္မာကျမ်း
၁ ကော 5

ဝိညာဉ်ရေးရာ​မာနထောင်လွှားမှု​ကို ရှုတ်ချခြင်း

1 သင်တို့​ထဲမှ လူတစ်ယောက်​သည် မိထွေး​ဖြစ်သူ​နှင့် ပေါင်းသင်း​နေထိုင်​လျက်​ရှိကြောင်း ကျွန်ုပ်​ကြားသိရ၏။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​၌​ပင် ထိုကဲ့သို့ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း မရှိ။

2 ဤသို့​ဖြစ်​လျက်ပင် သင်တို့​သည် မာနထောင်လွှား​ဆဲ​ရှိကြ၏။ အမှန်​တွင်မူ သင်တို့​သည် ဝမ်းနည်း​ပူဆွေး​လျက် ထို​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်​သင့်သည်​မဟုတ်လော။

3-4 ကျွန်ုပ်​သည် လူ​ကိုယ်တိုင် သင်တို့​နှင့်အတူ မရှိ​သော်လည်း စိတ်ဝိညာဉ်​သည် သင်တို့​နှင့်အတူ​ရှိ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိနေ​သကဲ့သို့ ထို​ဆိုးသော​အမှု​ကို ပြုသူ​ကို သခင်​ယေရှု​နာမ​အားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြ​သောအခါ ကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် သင်တို့​နှင့်အတူ​ရှိနေမည်​ဖြစ်​ပြီး ကျွန်ုပ်တို့​၏​သခင် ယေရှု​၏ တန်ခိုးတော်​သည်လည်း သင်တို့​နှင့်အတူ ရှိ​လိမ့်မည်။

5 ထို့နောက် ထို​သူ​၏ ဗီဇစိတ်​ကို ဖျက်ဆီး​ရန် သင်တို့​သည် ထို​သူ​အား နှင်ထုတ်​၍ စာတန်​လက်​သို့ အပ်​ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်​ကြွလာမည့်​နေ့​တွင် သူ​၏​ဝိညာဉ်​သည် ကယ်တင်ခံရ​နိုင်မည်​ဖြစ်၏။

6 သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။

7 သင်တို့​သည် တဆေး​မပါသော​မုန့်ညက်​ဖြစ်ကြသည်​နှင့်အညီ တဆေးဟောင်း​ကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့​သည် တဆေး​မပါသော မုန့်ညက်သစ်​ကဲ့သို့ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ပသခါ​သိုးသငယ်​ဟူသော ခရစ်တော်​ကို ကျွန်ုပ်တို့​အတွက် ပူဇော်ပြီး​ဖြစ်​သောကြောင့်​ပင်။

8 ထို့ကြောင့် မကောင်းမှု​နှင့် ဆိုးယုတ်မှု​ဟူသော တဆေးဟောင်း​ပါသည့်​မုန့်​နှင့် မဟုတ်ဘဲ ဖြူစင်မှု​နှင့် မှန်ကန်မှု​ဟူသော တဆေး​မပါသည့် မုန့်​နှင့် ပသခါ​ပွဲတော်​ကို ကျင်းပကြပါစို့။

9 ယခင်က သင်တို့​ထံ ပို့သည့် စာ​၌ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ​နှင့် မပေါင်းဖော်ကြ​ရန် ကျွန်ုပ်​ရေးသား​မှာကြားခဲ့၏။

10 ထိုသို့ ဆိုရာ​တွင် ဤ​လောက​ရှိ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လောဘကြီးသူများ၊ လိမ်လည်​လှည့်ဖြားသူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လုံးဝ​မပေါင်းဖော်ရ​ဟု မဆိုလိုပါ။ ထိုသို့​သာ ဆိုရ​လျှင် ထိုကဲ့သို့သော​သူများ​ကို ရှောင်ကြဉ်​ရန် သင်တို့​သည် ဤ​ကမ္ဘာ​လောက​မှ ထွက်ခွာသွား​ရပေမည်။

11 ကျွန်ုပ်​ဆိုလိုသည်​မှာ ယုံကြည်သူ​ဖြစ်သည်​ဟု ဆို​လျက် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု​ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ​ဖြစ်နေ​လျှင် ထို​သူ​နှင့် မပေါင်းဖော်ကြ​ရန် သာမက သူ​နှင့်အတူ စားသောက်ခြင်း​ကိုပင် မပြုကြနှင့်​ဟူ၍ ဖြစ်၏။

12-13 အသင်းတော်​ပြင်ပ​မှ လူတို့​ကို စီရင်ခြင်း​သည် ကျွန်ုပ်​တာဝန်​မဟုတ်ပါ။ ထို​ပြင်ပ​လူတို့​ကို ဘုရားသခင် စီရင်တော်မူ​လိမ့်မည်။ အသင်းတော်​အတွင်း​မှ လူတို့​ကို စီရင်ခြင်း​သည် သင်တို့​၏ တာဝန်​ဖြစ်၏။ “ထို​ဆိုးညစ်သော​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်ကြလော့။”

ခေတ်သစ်​မြန်မာ သမ္မာကျမ်း™

မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄

ခွင့်ပြုချက်​ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်း​မူပိုင်ခွင့်များ​ရယူပြီးဖြစ်သည်။

Burmese Contemporary Bible™

Copyright © 1985, 2024 by Biblica, Inc.

Used with permission. All rights reserved worldwide.

Biblica, Inc.