ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။
သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် သုံးလမြောက်သောနေ့၌ သိနာတောကန္တာရသို့ရောက်လာကြ၏။
သူတို့သည် တတိယနေ့၌ အဆင်သင့်ရှိနေရမည်။ အကြောင်းမူကား တတိယနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့၏မျက်မှောက်၊ သိနာတောင်ပေါ်သို့ ကြွဆင်းတော်မူမည်။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။
ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
သင်တို့၏သားသမီးတို့အား သင်ကြားပေးရမည်။ သင်သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သင်တို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသည့်ပြည်၌ သင်တို့လိုက်နာစောင့်ထိန်းရမည့် ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကား ဤသို့ဖြစ်၏။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။
ဤတရားစကား၊ ဤပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်း၍ မိမိ၏ဘုရားသခင်ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို သင်ယူနိုင်ရန် ထိုကျမ်းစာလိပ်ကို မိမိနှင့်အတူထား၍ အသက်ရှင်သမျှကာလပတ်လုံး ဖတ်ရှုရမည်။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ပလ္လင်တော်မှထွက်လာသောအသံကလည်း “ဘုရားသခင်၏အစေအပါးများနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းကြလော့”ဟု ဆို၏။
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။