အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


၄ ရာ 21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
၄ ရာ 21

ယုဒဘုရင်မနာရှေမင်းကြီး

1 မနာရှေ​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​သာ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​ငါး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဟဇ္ဇိဘ​အမည်​ရှိ​၏​။

2 သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။

3 သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖျက်ဆီး​ပစ်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ပြု​သကဲ့သို့ပင် ဗာလ​ယဇ်ပလ္လင်​များ​ကို​တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။

4 “​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။

5 ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်ခုစလုံး​အတွင်း​တွင် ရှိသမျှ​ကောင်းကင်​တန်ဆာ​များ​အဖို့ ယဇ်ပလ္လင်​များ​ကို တည်​၏​။

6 မိမိ​သား​ကို မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို အဆမတန်​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။

7 မိမိကိုယ်တိုင်​ထွင်းထု​ထား​သော အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို​လည်း အိမ်​တော်​တွင် ထားရှိ​၏​။ ထာဝရဘုရား​က ဤ​အိမ်​တော်​နှင့်​ပတ်သက်၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သား​တော်​ရှောလမုန်​မင်းကြီး​တို့​အား “​အစ္စရေး​အမျိုးအနွယ်​တို့​ပိုင်​သော​မြို့​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​၊ ဤ​အိမ်​တော်​တွင် ငါ့​နာမ​ကို အစဉ်​တည်​စေ​မည်​။

8 သူ​တို့​အား ငါ​မိန့်မှာ​သမျှ​အတိုင်း​၊ ငါ့​အစေအပါး​မောရှေ​မှာထား​သမျှ​သော ပညတ်တရား​အတိုင်း လိုက်နာ​ပြုကျင့်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ထား​သော​ပြည်​မှ​ထွက်သွား​၍ လှည့်လည်သွားလာ​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်မှာ​တော်မူ​ခဲ့​၏​။

9 သို့သော်လည်း သူ​တို့​မ​နာခံ​ကြ​။ မနာရှေ​မင်းကြီး​သည် သူ​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် အစ္စရေး​လူမျိုး​တို့​ကို မကောင်းမှု​ပြုစေ​ခဲ့​၏​။

10 ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​အစေအပါး ပရောဖက်​များ​အားဖြင့်

11 “​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။

12 ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ကြား​ရ​သူ​တို့ နားခါး​ရ​လောက်အောင် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။

13 ရှမာရိ​မြို့​ကို တိုင်း​သော​မျဉ်းကြိုး​၊ အာဟပ်​မင်းမျိုးမင်းနွယ်​ကို တိုင်း​သော​ချိန်သီး​ဖြင့် ဂျေရုဆလင်​မြို့​ကို တိုင်းတာ​မည်​။ ပန်းကန်​ကို​သုတ်​သကဲ့သို့ ဂျေရုဆလင်​မြို့​ကို​သုတ်​ပစ်​ပြီး မှောက်​ထား​မည်​။

14 ကြွင်းကျန်​သော​ငါ့​အမွေခံ​တို့​ကို ငါ​စွန့်ပစ်​မည်​။ ရန်သူ​များ​လက်​သို့ အပ်လိုက်​မည်​။ သူ​တို့​သည် ရန်သူ​တို့​အဖို့ တိုက်ခိုက်​လုယူစရာ​ပစ္စည်း​များ ဖြစ်​ရ​လိမ့်မည်​။

15 အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ အီဂျစ်​ပြည်​မှ​ထွက်လာ​သည့်​နေ့​မှစ၍ ယနေ့​အချိန်​ထိ သူ​တို့​သည် ငါ့​မျက်မှောက်​တွင်​ပင် မကောင်းမှု​များ​ကို​ပြု​ပြီး ငါ့​ကို အမျက်ထွက်​စေ​ကြ​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​လေ​၏​။

16 မနာရှေ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​အား ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​ကို​ပြု​၍​ပြစ်မှား​ရာ​ရောက်​စေ​ခဲ့​၏​။ ဂျေရုဆလင်​မြို့​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​အထိ အပြစ်ကင်း​သော​သူ​တို့​၏​အသက်​ကို​သတ်​သော​အပြစ်​များ​နှင့် များပြား​ပြည့်လျှံ​စေ​ခဲ့​၏​။

မနာရှေမင်းကြီးအနိစ္စရောက်ခြင်း

17 ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။

18 မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ ဩဇ​ဥယျာဉ်​ဟု​ခေါ်​သော နန်းတော်​ဥယျာဉ်​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

ယုဒဘုရင်အာမုန်မင်းကြီး

19 အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ယုပ်ဘာ​မြို့သား ဟာရုပ်​၏​သမီး မေရှုလမက်​အမည်​ရှိ​၏​။

20 အာမုန်​သည် ခမည်းတော်​မနာရှေ​မင်းကြီး​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။

21 ခမည်းတော်​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ခမည်းတော် ဝတ်ပြု​ခဲ့​သော​ရုပ်တု​တို့​ကို​လည်း ဝတ်ပြု​ကိုးကွယ်​၏​။

22 ထာဝရဘုရား​လမ်း​တော်​ကို မ​လိုက်လျှောက်​ဘဲ ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​၏​။

23 အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး ရှင်ဘုရင်​ကို နန်းတွင်း​၌ပင် ကွပ်မျက်​ကြ​လေ​၏​။

24 ထိုအခါ ပြည်သူပြည်သား​တို့​သည်​အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။

25 ကျန်ရှိ​နေ​သော အာမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။

26 အာမုန်​မင်းကြီး​အား ဩဇ​ဥယျာဉ်​ရှိ သူ​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative