အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


တမန်တော်ဝတ္ထု 23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
တမန်တော်ဝတ္ထု 23

1 ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။

2 ထိုအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် သူ့​အနီး​၌​ရပ်​နေ​သော​သူ​တို့​အား သူ​၏​နှုတ်​ကို​ရိုက်​ကြ​ရန် အမိန့်​ပေး​၏။

3 ပေါလု​က​လည်း “ထုံးဖြူ​သုတ်​ထား​သည့်​အုတ်ရိုး၊ ဘုရားသခင်​သည် သင့်​ကို ရိုက်​တော်မူ​မည်။ သင်​သည် ထိုင်​၍ အကျွန်ုပ်​ကို ပညတ်​တရား​အတိုင်း​စစ်ဆေး​စီရင်​လျက်​နှင့် ပညတ်​တရား​ကို​ချိုးဖောက်​ပြီး အကျွန်ုပ်​ကို​ရိုက်​ရန် အမိန့်​ပေး​သလော”​ဟု ဆို​၏။

4 ထိုအခါ အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​မင်း​ကို ပုတ်ခတ်​ပြောဆို​သလော”​ဟု ဆို​ကြ​၏။

5 ပေါလု​က​လည်း “ညီအစ်ကို​တို့၊ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​ကြောင်း အကျွန်ုပ်​မ​သိ​ပါ။ အမှန်စင်စစ် ‘သင့်​လူမျိုး​၏​အကြီးအကဲ​ကို သင်​သည် မကောင်း​မ​ပြော​ရ’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု ဆို​လေ​၏။

6 ထို​သူ​တို့​ထဲတွင် တစ်​ဖွဲ့​မှာ ဇဒ္ဒုကဲ​များ​ဖြစ်​ကြ​ပြီး အခြား​တစ်​ဖွဲ့​မှာ ဖာရိရှဲ​များ​ဖြစ်​ကြ​သည်​ကို ပေါလု​သိမြင်​လျှင် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ဖာရိရှဲ​တစ်​ဦး​ဖြစ်​ပြီး ဖာရိရှဲ​၏​သား​လည်း ဖြစ်​ပါ​သည်။ အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​ကြောင့် စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်”​ဟု တရား​လွှတ်တော်​ရှေ့တွင် အော်ဟစ်​ပြောဆို​လေ​၏။

7 ဤကဲ့သို့ ပေါလု​ပြောဆို​လိုက်​သောအခါ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​အကြား​တွင် သဘောထား​ကွဲလွဲမှု​ဖြစ်ပေါ်​၍ အစုအဝေး​သည် အုပ်စု​ကွဲ​သွား​လေ​၏။

8 အကြောင်းမူကား ဇဒ္ဒုကဲ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ၊ ကောင်းကင်​တမန်​နှင့်​ဝိညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ ဖာရိရှဲ​တို့​မူကား ဤ​အရာ​အားလုံး​ရှိ​သည်​ဟု​ခံယူ​ကြ​၏။

9 ထို့နောက် အော်ဟစ်​သံ​များ ကျယ်လောင်​လာ​ပြီး ဖာရိရှဲ​တို့​အဖွဲ့​မှ ကျမ်းပြု​ဆရာ​အချို့​တို့​သည်​ထ​၍ “ဤ​သူ​၌ မည်သည့်​အပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ ဝိညာဉ်​၊ သို့မဟုတ် ကောင်းကင်​တမန်​တစ်ပါးပါး​က သူ့​အား​မြွက်ဆို​ခဲ့​သည်​ဆိုလျှင် မည်သို့​နည်း”​ဟု ပြင်းထန်​စွာ​ငြင်းခုံ​ပြောဆို​ကြ​၏။

10 သဘောထား​ကွဲလွဲမှု​ပြင်းထန်​လာ​၍ သူ​တို့​သည် ပေါလု​အား အပိုင်းပိုင်း​ဆွဲဖြတ်​ကြ​မည်​ကို တပ်မှူးကြီး​သည် စိုးရိမ်​သဖြင့် စစ်သား​များ​အား ဆင်း​သွား​၍ ပေါလု​ကို သူ​တို့​ထံမှ အတင်း​ခေါ်ဆောင်​လာ​ပြီး စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​လေ​၏။

ပေါလုကို လျှို့ဝှက်ပူးပေါင်းကြံစည်ကြခြင်း

11 ထို​ည​၌ သခင်​ဘုရား​သည် ပေါလု​ထံပါး​၌​ပေါ်လာ​၍“မစိုးရိမ်​နှင့်။ အကြောင်းမူကား သင်​သည် ဂျေရုဆလင်​မြို့​၌ ငါ့​အကြောင်း​ကို သက်သေခံ​ခဲ့​သည့်​နည်းတူ ရောမ​မြို့​၌​လည်း သက်သေခံ​ရ​မည်”​ဟု မိန့်​တော်မူ​၏။

12 မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။

13 ဤ​လျှို့ဝှက်​ကြံစည်​မှု​တွင်​ပါဝင်​သော​သူ​များ​သည် အယောက်​လေးဆယ်​ကျော်​ရှိ​ကြ​၏။

14 သူ​တို့​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​သက်ကြီးဝါကြီး​များ​ထံ ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အစာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အလေးအနက်​ကျိန်ဆို​ထား​ကြ​ပါ​သည်။

15 သို့ဖြစ်၍ ယခု အရှင်​တို့​သည် တရား​လွှတ်တော်​အဖွဲ့​နှင့်အတူ ပေါလု​၏​အမှု​ကို ပို၍​တိကျ​စွာ​စစ်ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အရှင်​တို့​ထံသို့​ခေါ်ဆောင်​လာ​ရန်​တပ်မှူးကြီး​အား လျှောက်ထား​ကြ​ပါ။ အကျွန်ုပ်​တို့​သည် ဤ​နေရာ​သို့ သူ​မ​ရောက်လာ​မီ သူ့​ကို​သတ်​ရန် အသင့်​ရှိ​နေ​ပါ​မည်”​ဟု ပြောကြား​ကြ​၏။

16 သို့သော် ပေါလု​နှမ​၏​သား​သည် ထို​ချောင်းမြောင်း​သတ်ဖြတ်​မည့်​အစီအစဉ်​ကို​ကြား​လျှင် စခန်း​ထဲသို့​ဝင်​၍ ပေါလု​အား ပြောပြ​လေ​၏။

17 ထိုအခါ ပေါလု​သည် တပ်မှူး​တစ်​ယောက်​ကို​ခေါ်​၍ “ဤ​လူငယ်​သည် တပ်မှူးကြီး​အား ပြောပြ​စရာ​တစ်စုံတစ်ခု​ရှိ​ပါ​သဖြင့် သူ့​ကို တပ်မှူးကြီး​ထံ ခေါ်သွား​ပေး​ပါ”​ဟု ဆို​လေ​၏။

18 ထို့ကြောင့် တပ်မှူး​သည် သူ့​ကို​ခေါ်ဆောင်​၍ တပ်မှူးကြီး​ထံသို့ သွား​ပြီးလျှင် “အကျဉ်းသား​ပေါလု​က အကျွန်ုပ်​ကို​ခေါ်​၍ ဤ​လူငယ်​ကို အရှင့်​ထံ​ခေါ်လာ​ရန် တောင်းဆို​ပါ​သည်။ သူ​၌ အရှင့်​ထံ​လျှောက်ထား​စရာ တစ်စုံတစ်ခု​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

19 တပ်မှူးကြီး​သည် ထို​လူငယ်​၏​လက်​ကို​ဆွဲ​၍ သီးသန့်​ခေါ်ထုတ်​သွား​ကာ “ငါ့​ကို​ပြောပြ​စရာ​ရှိ​သည့်​အရာ​ကား မည်သည့်​အရာ​နည်း”​ဟု မေးမြန်း​လေ​၏။

20 ထို​လူငယ်​က​လည်း “ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို ပို၍​တိကျ​စွာ​မေးမြန်း​လို​ဟန်​ပြု​လျက် မနက်ဖြန် သူ့​ကို တရား​လွှတ်တော်​ထံသို့​ခေါ်ဆောင်​သွား​ရန် အရှင့်​အား တောင်းဆို​မည်​ဟု​သဘောတူ​ဆုံးဖြတ်​ထား​ကြ​ပါ​သည်။

21 သို့ရာတွင် သူ​တို့​ကို မ​လိုက်လျော​ပါ​နှင့်။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ထဲမှ လူ​လေးဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်းမြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်ဆို​ထား​ကြ​ပါ​သည်။ ယခု​ပင် သူ​တို့​သည် အသင့်​ရှိ​လျက် အရှင်​၏​သဘောတူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

22 ထိုအခါ တပ်မှူးကြီး​က “ဤ​အရာ​များ​ကို ငါ့​အား သင်​ပြောပြ​ကြောင်း မည်သူ့​ကို​မျှ မ​ပြော​နှင့်”​ဟု အမိန့်​ပေး​ပြီးလျှင် ထို​လူငယ်​ကို ပြန်​လွှတ်​လိုက်​လေ​၏။

ပေါလုကို ညတွင်းချင်းဆီဇာရီးယားမြို့သို့ ပို့ဆောင်ခြင်း

23 ထို့နောက် တပ်မှူးကြီး​သည် တပ်မှူး​နှစ်​ဦး​ကို​ခေါ်​၍ “ည​ကိုး​နာရီ​အချိန်​၌ ဆီဇာရီးယား​မြို့​သို့​သွား​ရန် စစ်သား​နှစ်ရာ၊ လှံ​တပ်သား​နှစ်ရာ​နှင့် မြင်း​တပ်သား​ခုနစ်ဆယ်​တို့​ကို ပြင်ဆင်​ကြ​လော့။

24 ပေါလု​စီးနင်း​ရန် တိရစ္ဆာန်​များ​ကို​လည်း အသင့်​ပြင်​ထား​လျက် သူ့​ကို ဘုရင်ခံ​ဖေလဇ်​မင်း​ထံ ဘေးကင်း​စွာ​ပို့ဆောင်​လော့”​ဟု မှာကြား​လေ​၏။

25 ထို့နောက် စာ​ကို ဤသို့​ရေး​ပို့​လိုက်​လေ​၏။

26 “ကလောဒိ​လုသိ​သည် မြတ်​သော​ဘုရင်ခံ​ဖေလဇ်​မင်း​ကို နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​သည်။

27 ဂျူး​လူမျိုး​တို့​သည် ဤ​သူ​ကို​ဖမ်းဆီး​၍ သတ်​မည်​ပြု​စဉ် သူ​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း ကြားသိ​ရ​သဖြင့် အကျွန်ုပ်​သည် စစ်သား​များ​နှင့်အတူ​သွား​၍ သူ့​ကို ကယ်​ခဲ့​ပါ​သည်။

28 သူ​တို့​သည် မည်သည့်​ပြစ်မှု​ဖြင့် သူ့​ကို​စွဲဆို​ကြ​ကြောင်း​သိ​လို​၍ သူ​တို့​၏​တရား​လွှတ်တော်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​ခဲ့​ရာ

29 သူ​သည် သူ​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​ပြဿနာ​များ​အတွက် စွဲဆို​ခံ​နေ​ရ​ခြင်း​ဖြစ်​ပြီး သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အပြစ်​မ​ရှိ​ကြောင်း အကျွန်ုပ်​တွေ့​ရ​ပါ​သည်။

30 သို့သော် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သည်​ဟု သတင်း​ရ​သဖြင့် အကျွန်ုပ်​သည် အရှင့်​ထံသို့ သူ့​ကို ချက်ချင်း​စေလွှတ်​လိုက်​ပါ​သည်။ စွပ်စွဲ​သော​သူ​တို့​အား​လည်း သူ့​အပေါ်​စွပ်စွဲ​ချက်​များ​ကို အရှင့်​ထံ တင်ပြ​လျှောက်ထား​ကြ​ရန် ညွှန်ကြား​ထား​ပါ​သည်။”

31 ထိုအခါ စစ်သား​များ​သည် သူ​တို့​အား မှာကြား​ထား​သည့်​အတိုင်း ပေါလု​ကို​ခေါ်​၍ အန္တိပတရိ​မြို့​အထိ ညတွင်းချင်း ပို့ဆောင်​ကြ​၏။

32 နောက်တစ်နေ့​တွင် မြင်း​တပ်သား​တို့​ကို ပေါလု​နှင့်အတူ​ခရီး​ဆက်​သွား​စေ​၍ သူ​တို့​သည် စခန်း​သို့​ပြန်လာ​ကြ​၏။

33 မြင်း​တပ်သား​တို့​သည် ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘုရင်ခံ​အား​ပေးအပ်​ကာ ပေါလု​ကို​လည်း သူ့​ထံသို့​အပ်​ကြ​၏။

34 ဘုရင်ခံ​သည် စာ​ကို​ဖတ်​ပြီးနောက် ပေါလု​အား မည်သည့်​ပြည်သား​ဖြစ်​သနည်း​ဟု​မေး​၍ ဆီလီဆီးယား​ပြည်သား​ဖြစ်​ကြောင်း ကြားသိ​လျှင်

35 “သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative