လူမျိုးတော်အပေါ်ထားရှိသော ဘုရားသခင်၏သစ္စာတော်1 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။ 2 ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။ 3 ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။ 4 ထာဝရဘုရားနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာဖွေကြလော့။ ကိုယ်တော်၏မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ 5-6 ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ 7 ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။ 8 ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊ 9 အာဗြဟံနှင့်ပြုခဲ့သောပဋိညာဉ်တော်၊ ဣဇက်အားကျိန်ဆိုသောကတိတော်ဖြစ်၏။ 10 ကိုယ်တော်သည် ၎င်းကို ယာကုပ်အတွက် ပြဋ္ဌာန်းချက်အဖြစ်လည်းကောင်း၊ အစ္စရေးအတွက် အစဉ်အမြဲတည်သော ပဋိညာဉ်အဖြစ်လည်းကောင်း တည်စေတော်မူ၍ 11 “ခါနာန်ပြည်ကို သင်တို့၏အမွေဝေစုအဖြစ် သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ 12 ထိုစဉ်က သူတို့သည် အရေအတွက်အားဖြင့် အနည်းငယ်မျှသာရှိကြပြီး ထိုပြည်၌ ဧည့်သည်အဖြစ် တည်းခိုနေထိုင်သောသူများ ဖြစ်ကြ၏။ 13 လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။ 14 သို့သော် သူတို့ကိုနှိပ်စက်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး 15 “ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။ 16 တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။ 17 ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။ 18 လူတို့သည် သူ၏ခြေကို ခြေချင်းနှင့်နာကျင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကို တပ်ကြ၏။ 19 သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။ 20 ရှင်ဘုရင်သည် လူကိုစေလွှတ်၍ သူ့ကိုလွှတ်ပေး၏။ လူတို့ကိုအုပ်စိုးသူသည် သူ့ကိုချမ်းသာခွင့်ပေး၍ 21 မိမိ၏နန်းတော်တွင် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သောအရာရှိသမျှတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။ 22 ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ဉာဏ်ပညာရှိစေရန် အတွက်ဖြစ်၏။ 23 ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။ 24 ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။ 25 မိမိလူမျိုးတော်ကိုမုန်းစေရန်နှင့် မိမိအစေအပါးတို့အပေါ် ပရိယာယ်သုံးကြစေရန် ထိုရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ 26 ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။ 27 သူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာနှင့် ဆိုင်သောအမှုများကို ထိုသူတို့အလယ်၌လည်းကောင်း၊ တန်ခိုးလက္ခဏာများကို ဟာမ၏ပြည်၌လည်းကောင်း ပြုကြ၏။ 28 ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။ 29 ကိုယ်တော်သည် သူတို့၏ရေများကို သွေးဖြစ်စေ၍ သူတို့၏ငါးများကို သေစေတော်မူ၏။ 30 သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။ 31 ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။ 32 ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။ 33 သူတို့၏စပျစ်ပင်များနှင့်သဖန်းပင်များကိုလည်း ဖျက်ဆီး၍ သူတို့ပြည်ရှိ သစ်ပင်များကိုချိုးတော်မူ၏။ 34 ကိုယ်တော်အမိန့်ရှိတော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်နှင့်နှံကောင်တို့သည် ရောက်လာ၍ 35 သူတို့ပြည်၌ရှိသောအပင်အားလုံးကို ကိုက်စားကြ၏။ သူတို့မြေပေါ်မှ အသီးအနှံတို့ကိုလည်း ကိုက်စားကြ၏။ 36 ကိုယ်တော်သည် သူတို့၏ ယောက်ျားအားမာန်အားလုံး၏အသီးဦးဖြစ်သော သူတို့ပြည်မှသားဦးရှိသမျှတို့ကို ဆုံးပါးစေတော်မူ၏။ 37 ထို့နောက် သူတို့ကို ရွှေ၊ ငွေနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးစုများတွင် အားနည်းသောသူတစ်ယောက်မျှမရှိချေ။ 38 သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။ 39 ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။ 40 သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။ 41 ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။ 42 အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။ 43 ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။ 44 ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။ 45 ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative