Biblia Todo Logo
La Biblia Online
- Anuncios -


ကမ္ဘာ​ဦး 30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ရာခေလ​သည် ယာကုပ်​အတွက် သား​မ​ဖွား​နိုင်​ကြောင်း​သိမြင်​လျှင် မိမိ​အစ်မ​ကို မနာလို​ဖြစ်​လေ​၏​။ ရာခေလ​က “​အကျွန်ုပ်​အား သားသမီး​ပေး​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သေ​မည်​”​ဟု ယာကုပ်​အား​ဆို​၏​။

2 ယာကုပ်​သည် ရာခေလ​ကို​အမျက်ထွက်​၍ “​သင်​၏​ဝမ်း​ထဲ၌ သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သော​ဘုရားသခင်​ကို ငါ​ကိုယ်စားပြု​နိုင်​သလော​”​ဟု ဆို​၏​။

3 ရာခေလ​က​လည်း “​အကျွန်ုပ်​၏​ကျွန်မ​ဗိလဟာ​ရှိ​ပါ​သည်​။ သူ​သည် အကျွန်ုပ်​၏​ဒူး​ပေါ်မှာ သားဖွား​၍ သူ့​အားဖြင့် အကျွန်ုပ်​သည် မိသားစု​တည်ထောင်​နိုင်​မည့်​အကြောင်း သူ့​ထံသို့​ဝင်​ပါ​လော့​”​ဟု ဆို​၏​။

4 ထိုသို့ ရာခေလ​သည် မိမိ​၏​ကျွန်မ​ဗိလဟာ​ကို ယာကုပ်​အား မယား​အဖြစ်​ပေး​သဖြင့် ယာကုပ်​သည် သူ့​ထံသို့​ဝင်​လေ​၏​။

5 ဗိလဟာ​သည် ကိုယ်ဝန်ဆောင်​၍ ယာကုပ်​အတွက် သား​ကို မွေးဖွား​၏​။

6 ရာခေလ​က “​ဘုရားသခင်​သည် ငါ့​ကို​တရားသဖြင့်စီရင်​ပေး​တော်မူ​ပြီ​။ ငါ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ ငါ့​အား သား​ကို​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဒန် ဟု​မှည့်ခေါ်​လေ​၏​။

7 ရာခေလ​၏​ကျွန်မ​ဗိလဟာ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ ယာကုပ်​အတွက် ဒုတိယ​သား​ကို မွေးဖွား​ပေး​၏​။

8 ထိုအခါ ရာခေလ​က “​ငါ​သည် ငါ့​အစ်မ​နှင့် အကြိတ်အနယ်​နပန်းလုံး​၍ နိုင်​ခဲ့​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို နဿလိ ဟု​မှည့်ခေါ်​လေ​၏​။

9 လေအာ​သည် မိမိ​သားဖွား​ခြင်း​ရပ်တန့်​သွား​ကြောင်း သိမြင်​သောအခါ မိမိ​၏​ကျွန်မ​ဇိလပ​ကို​ယူ​၍ ယာကုပ်​အား မယား​အဖြစ်​ပေး​လေ​၏​။

10 ထိုအခါ လေအာ​၏​ကျွန်မ​ဇိလပ​သည် ယာကုပ်​အတွက် သား​ကို​မွေးဖွား​၏​။

11 လေအာ​က​လည်း “​အခွင့်ကောင်း​ရောက်​လေ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂဒ် ဟု​မှည့်ခေါ်​လေ​၏​။

12 ထို့နောက် လေအာ​၏​ကျွန်မ​ဇိလပ​သည် ဒုတိယ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။

13 ထိုအခါ လေအာ​က “​ငါ​၌ မင်္ဂလာ​ရှိ​၏​။ အကယ်စင်စစ် အမျိုးသမီး​တို့​သည် ငါ့​ကို မင်္ဂလာ​ရှိ​သူ ဟု​ခေါ်​ကြ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို အာရှာ ဟု​မှည့်ခေါ်​လေ​၏​။

14 ဂျုံ​ရိတ်သိမ်း​ရာ​ကာလ​၌ ရုဗင်​သည် လယ်​သို့​သွား​ရာ ဒူးဒဲပင်​များ​ကို​တွေ့​သဖြင့် ၎င်း​တို့​ကို သူ​၏​မိခင်​လေအာ​ထံသို့ ယူဆောင်​လာ​ခဲ့​၏​။ ထိုအခါ ရာခေလ​က လေအာ​အား “​သင့်​သား​ရ​ခဲ့​သော​ဒူးဒဲပင်​အချို့​ကို ငါ့​အား​ပေး​ပါ​လော့​”​ဟု ဆို​၏​။

15 လေအာ​က “​သင်​သည် ငါ့​ယောက်ျား​ကို ယူ​သည်​နှင့်ပင် မလုံလောက်​ဘဲ ငါ့​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​ကို​လည်း ယူ​လို​သေး​သလော​”​ဟု ဆို​၏​။ ရာခေလ​က​လည်း “​သို့ဖြစ်လျှင် သင့်​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​နှင့်​လဲလှယ်​သည့်​အနေဖြင့် ယနေ့ည​တွင် သင်​သည် ယာကုပ်​နှင့်အတူ​အိပ်​နိုင်​သည်​”​ဟု ဆို​၏​။

16 ယာကုပ်​သည် နေဝင်ချိန်​၌ လယ်​မှ​ပြန်လာ​သောအခါ လေအာ​သည် သူ့​ကို​ကြိုဆို​ရန်​ထွက်သွား​၍ “​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​နှင့် သင့်​ကို​အမှန်ပင်​ငှား​ထား​ပြီ​ဖြစ်၍ သင်​သည် အကျွန်ုပ်​ထံသို့​ဝင်​ရ​မည်​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​ည​၌ ယာကုပ်​သည် လေအာ​နှင့်အတူ​အိပ်​လေ​၏​။

17 လေအာ​တောင်းလျှောက်​သည်​ကို ဘုရားသခင်​နားညောင်း​တော်မူ​သဖြင့် သူ​သည်​ကိုယ်ဝန်ဆောင်​၍ ပဉ္စမ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။

18 လေအာ​က “​ငါ​သည် ငါ​၏​ကျွန်မ​ကို ငါ့​ယောက်ျား​အား​ပေး​သောကြောင့် ဘုရားသခင်​သည် ငါ့​အား​အဖိုးအခ​ကို​ပေး​တော်မူ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဣသခါ ဟု​မှည့်ခေါ်​လေ​၏​။

19 လေအာ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ ဆဋ္ဌမ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။

20 ထိုအခါ လေအာ​က “​ဘုရားသခင်​သည် ကောင်း​သော​လက်ဆောင်​ကို ငါ့​အား​ပေး​တော်မူ​ပြီ​။ ငါ​သည် ငါ့​ယောက်ျား​အတွက် သား​ခြောက်​ယောက်​ကို​မွေးဖွား​ပြီ​ဖြစ်၍ ဤ​တစ်ကြိမ်​တွင် သူ​သည် ငါ့​ကို​တန်ဖိုး​ထား​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဇာဗုလုန် ဟု​မှည့်ခေါ်​လေ​၏​။

21 ထို့နောက်မှ လေအာ​သည် သမီး​ကို​မွေးဖွား​၍ ထို​သမီး​၏​အမည်​ကို ဒိန ဟု​မှည့်ခေါ်​လေ​၏​။

22 ထိုအခါ ဘုရားသခင်​သည် ရာခေလ​ကို​အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် ရာခေလ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။

23 သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို မွေးဖွား​သော် “​ဘုရားသခင်​သည် ငါ​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ဖယ်ရှား​တော်မူ​ပြီ​”​ဟု ဆို​၏​။

24 တစ်ဖန် “​ထာဝရဘုရား​သည် သား​နောက်တစ်ယောက်​ကို အကျွန်ုပ်​အား​ထပ်၍​ပေး​တော်မူ​ပါစေသော​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယောသပ် ဟု​မှည့်ခေါ်​လေ​၏​။


ယာကုပ်၏သိုးဆိတ် တိုးပွားများပြားလာခြင်း

25 ရာခေလ​သည် ယောသပ်​ကို​မွေးဖွား​ပြီးနောက် ယာကုပ်​က လာဗန်​အား “​အကျွန်ုပ်​၏​နေရပ်​၊ အကျွန်ုပ်​၏​ပြည်​သို့​ပြန်သွား​နိုင်​ရန် အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။

26 အကျွန်ုပ်​၏​မယား​နှင့် အကျွန်ုပ်​၏​သားသမီး​တို့​ကို အကျွန်ုပ်​အား​ပေး​၍ ပြန်သွားခွင့်​ပေး​ပါ​။ သူ​တို့​အတွက် ဦးရီး​ကို အကျွန်ုပ်​အစေခံ​ခဲ့​ပြီ​။ ဦးရီး​အတွက် အကျွန်ုပ်​ဆောင်ရွက်​ခဲ့​သော​အမှု​ကို ဦးရီး​ကိုယ်တိုင်​သိ​ပါ​သည်​”​ဟု ဆို​လေ​၏​။

27 သို့သော် လာဗန်​က “​သင့်​ရှေ့​၌ ငါ​မျက်နှာရ​သည်​ဆို​လျှင် ဆက်နေ​ပါ​ဦး​။ ထာဝရဘုရား​သည် သင့်​ကြောင့် ငါ့​ကို​ကောင်းချီးပေး​တော်မူ​ကြောင်း ဟူးရားအတတ်​အားဖြင့် ငါ​သိမြင်​ပြီ​”​ဟု ဆို​ပြီးလျှင်

28 “​သင်​ရ​လို​သော​လုပ်အားခ​ကို ငါ့​အား​ပြော​ပါ​။ ငါ​ပေး​မည်​”​ဟု ဆို​၏​။

29 ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် ဦးရီး​ကို မည်သို့​အစေခံ​ခဲ့​သည်​ကို​လည်းကောင်း​၊ အကျွန်ုပ်​ထိန်းကျောင်း​ခဲ့​သော ဦးရီး​၏​တိရစ္ဆာန်​တို့​သည် မည်သို့​ဖြစ်လာ​သည်​ကို​လည်းကောင်း ဦးရီး​ကိုယ်တိုင်​သိ​ပါ​သည်​။

30 အကျွန်ုပ်​မ​ရောက်​မီ ဦးရီး​၌ တိရစ္ဆာန်​အနည်းငယ်​သာ​ရှိ​သော်လည်း ယခု များစွာ​တိုးပွား​ပါ​ပြီ​။ အကျွန်ုပ်​ပြု​သော​အရာ​အားဖြင့် ထာဝရဘုရား​သည် ဦးရီး​ကို​ကောင်းချီးပေး​တော်မူ​ပြီ​။ သို့သော် အကျွန်ုပ်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​အတွက် လုပ်ဆောင်​နိုင်​မည်နည်း​”​ဟု ဆို​၏​။

31 လာဗန်​က​လည်း “​ငါ​သည် သင့်​အား မည်သည့်​အရာ​ကို​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အကျွန်ုပ်​အား မည်သည့်​အရာ​ကို​မျှ မ​ပေး​ပါ​နှင့်​။ အကျွန်ုပ်​ပြော​မည့်​အရာ​ကို အကျွန်ုပ်​အတွက်​ဦးရီး​ပြု​မည်​ဆို​လျှင် အကျွန်ုပ်​သည် ဦးရီး​၏​သိုးအုပ်​၊ ဆိတ်အုပ်​ကို ဆက်၍​ထိန်းကျောင်း​စောင့်ရှောက်​ပါ​မည်​။

32 ယနေ့ အကျွန်ုပ်​သည် ဦးရီး​၏​သိုးဆိတ်​အားလုံး​ကို လှည့်ပတ်​ကြည့်ရှု​၍ အစက်​အပြောက်​ပါ​သော​သိုး​နှင့် ညို​သော​သိုးသငယ်​အားလုံး​၊ အစက်​အပြောက်ပါ​သော​ဆိတ်​တို့​ကို အကျွန်ုပ်​ခွဲထုတ်​ပါ​မည်​။ ထို​သိုးဆိတ်​တို့​သည် အကျွန်ုပ်​၏​လုပ်အားခ​ဖြစ်​ရ​မည်​။

33 ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို​လာရောက်​စစ်ဆေး​သောအခါ နောင်တစ်နေ့​တွင် အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​သည် အကျွန်ုပ်​အတွက်​သက်သေထူ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တွင် အစက်​အပြောက်​မ​ပါ​သော​ဆိတ်​များ​နှင့် မ​ညို​သော​သိုးသငယ်​များ​ရှိ​ခဲ့​လျှင် ၎င်း​တို့​အားလုံး​ကို အကျွန်ုပ်​ခိုး​သည်​ဟူ၍ မှတ်ယူ​ပါ​”​ဟု ဆို​လေ​၏​။

34 လာဗန်​က​လည်း “​ကောင်း​ပြီ​။ သင်​ပြော​သည့်​အတိုင်း​ဖြစ်​ပါစေ​”​ဟု ဆို​၏​။

35 ထို​နေ့​၌ပင် လာဗန်​သည် အစင်းကျား​နှင့်​အပြောက်ပါ​သော​ဆိတ်ထီး​များ​၊ အစက်​အပြောက်ပါ​သော​ဆိတ်မ​အားလုံး​၊ အဖြူပြောက်​ပါ​သော​အကောင်​အားလုံး​နှင့် ညို​သော​သိုးသငယ်​အားလုံး​ကို​ခွဲထုတ်​၍ မိမိ​သား​များ​၏​လက်​သို့ အပ်​လေ​၏​။

36 ထို့နောက် သူ​သည် မိမိ​နေရာ​ကို​ယာကုပ်​နေရာ​နှင့် သုံး​ရက်​ခရီး​အကွာ​တွင်​ထား​လေ​၏​။ ယာကုပ်​သည် လာဗန်​၏​ကျန်ရှိ​သော​သိုး​၊ ဆိတ်​တို့​ကို ထိန်းကျောင်း​လျက်​နေ​၏​။

37 ယာကုပ်​သည် စိမ်း​သော​ပေါ့ပလာပင်​၊ ဗာဒံပင်​နှင့် ပလိန်းပင်​တို့​၏​အရိုးတံ​များ​ကို​ယူ​ပြီးလျှင် ထို​အရိုးတံ​တို့​၌​အဖြူရောင်​အတွင်းသား​ပေါ်​ပြီး အဖြူရောင်​အစင်း​များ​ဖြစ်​အောင်​ခွာ​လေ​၏​။

38 ထို့နောက် သူ​သည် ခွာ​ထား​သော​အရိုးတံ​များ​ကို သိုးဆိတ်​တို့​ရေ​လာ​သောက်​ရာ ရေစားကျင်း​၊ ရေစားခွက်​တို့​၌ ထို​သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။ သိုးဆိတ်​တို့​သည် ရေသောက်​ရန်​လာ​သောအခါ မိတ်လိုက်​တတ်​ကြ​၏​။

39 ထိုသို့ သိုးဆိတ်​တို့​သည် ထို​အရိုးတံ​များ​ရှေ့​၌​မိတ်လိုက်​ကြ​ရာ အစင်းကျား​နှင့် အစက်​အပြောက်ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။

40 ယာကုပ်​သည် မွေးလာ​သည့်​သိုးသငယ်​၊ ဆိတ်သငယ်​တို့​ကို​သီးသန့်​ခွဲထား​၍ သိုးဆိတ်​တို့​ကို လာဗန်​၏​သိုးဆိတ်​တို့​ထဲမှ အစင်းကျား​ပါ​သော​အကောင်​နှင့် ညို​သော​အကောင်​အားလုံး​၏​ရှေ့​၌​ထား​လေ​၏​။ ဤသို့ဖြင့် သူ​သည် မိမိ​ကိုယ်ပိုင်​တိရစ္ဆာန်အုပ်​ဖြစ်လာ​အောင်​ပြု​ပြီး လာဗန်​၏​သိုးဆိတ်​တို့​နှင့်​မ​ရော​ဘဲ​ထား​လေ​၏​။

41 ထို့ပြင် သန်မာ​သော​သိုးဆိတ်​တို့​မိတ်လိုက်​ကြ​သောအခါ​တိုင်း အရိုးတံ​များ​အနား​၌ မိတ်လိုက်​ကြ​စေရန် ယာကုပ်​သည် ထို​အရိုးတံ​များ​ကို ရေစားကျင်း​၌ သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။

42 ချည့်နဲ့​သော​သိုးဆိတ်​တို့​ရှေ့​၌​မူကား မ​ထား​ပေ​။ ထို့ကြောင့် ချည့်နဲ့​သော​အကောင်​တို့​သည် လာဗန်​၏​ဥစ္စာ​ဖြစ်လာ​ပြီး သန်မာ​သော​အကောင်​တို့​သည် ယာကုပ်​၏​ဥစ္စာ​ဖြစ်လာ​၏​။

43 ဤသို့ဖြင့် ယာကုပ်​သည် စည်းစိမ်​အလွန့်အလွန်​တိုးပွား​၍ များစွာ​သော​သိုးဆိတ်​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​နှင့် မြည်း​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
Síguenos en:



Anuncios


¡Síguenos en WhatsApp! Síguenos