သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကိုချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကိုလုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကိုတွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာ ရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည်ဖြစ်၍၊
ကျောက်ကြားတို့၌နေ၍ တောင်ထိပ်ကို ခိုလှုံသောသူဖြစ်သောကြောင့်၊ သင်၏ကြောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဗာဗုလုန်မြို့သည် မိုးကောင်းကင်သို့တက်၍၊ မြို့ရိုးအထွတ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသောသူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
မရဏနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနုတ်ယူမည်။ မိုးကောင်းကင်သို့ တက်သော်လည်း ငါချမည်။
မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေးဒဏ်လက်မှ မိမိလွတ်စေခြင်းငှာ၊ မကောင်းသောအဓမ္မစီးပွားကို မိမိအမျိုးအဖို့ ရှာသောသူသည် အမင်္ဂလာရှိ၏။