ဉာဏ်ပညာကိုရသောသူသည် အသက်စမ်းရေတွင်းကို ရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
ဖြောင့်မတ်သောသူ၏ နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏နှုတ်ကိုကား၊ ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။
ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။
ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။
လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။
ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။
နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့လည်းကောင်း၊ ပညာစမ်းရေတွင်းသည် ရေစီးသော မြစ်ကဲ့သို့လည်းကောင်းဖြစ်၏။
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။
သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။-
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။-
ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။-