ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုးနည်းခြင်းနှင့် နီးစပ်၏။
ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။
မျက်စိမှိတ်သောသူသည် စိတ်ကို ပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။
လိမ္မာသောသူသည် ပညတ်တရားကိုခံတတ်၏။ စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏။
ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။
မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။
သဘောကောက်သောသူသည် ကောင်းသောအကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏။
သူတစ်ပါးများနှင့် မရောနှောသောသူသည် မိမိစေတနာအလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာအမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာအတတ်ကို သိုထားတတ်၏။ ပညာရှိသောသူ၏နားသည်လည်း၊ ပညာစကားကိုရှာတတ်၏။
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။
ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။
ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။
ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။-
တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။
ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။