အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


ဖိ​လိပ္ပိ 4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
ဖိ​လိပ္ပိ 4

အကြံပြုတိုက်တွန်းခြင်း

1 ထို့ကြောင့် ငါ​၏​ဝမ်းမြောက်​ခြင်း​အကြောင်း​နှင့် ငါ​၏​သရဖူ​ဖြစ်​သည့် ငါ​ချစ်​၍​လွမ်းဆွတ်​သော ငါ့​ညီအစ်ကို​တို့၊ ငါ​ဆို​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့၊ ငါ​ချစ်​သော​သူ​တို့။

2 ငါ​သည် ဧဝေါဒိ​နှင့်​သုန္တုတ်​တို့​အား သခင်​ဘုရား​၌ တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ပါ​၏။

3 အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။

4 သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။

5 သင်​တို့​၏​ညင်သာ​သော​သဘော​ကို လူ​အပေါင်း​တို့​အား သိ​စေ​ကြ​လော့။ သခင်​ဘုရား​သည် အနီး​၌​ရှိ​တော်မူ​ပြီ။

6 မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။

7 ထိုအခါ လူ​တို့​၏​နားလည်​နိုင်​စွမ်း​ရှိသမျှ​တို့​ထက် ထူးမြတ်​သော​ဘုရားသခင်​၏​ငြိမ်သက်​ခြင်း​သည် ခရစ်တော်​ယေရှု​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​နှင့် သင်​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို စောင့်ရှောက်​တော်မူ​လိမ့်မည်။

8 နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။

9 ငါ့​ထံမှ သင်​တို့​သင်ကြား​ခံယူ​လျက် ကြားနာ​သိမြင်​ခဲ့​သော​အရာ​တို့​ကို ပြုကျင့်​ကြ​လော့။ သို့ပြုလျှင် ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။

ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ခြင်း

10 ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယခု​တစ်ကြိမ် ပြန်လည်​ဖြစ်ပေါ်​လာ​သောကြောင့် ငါ​သည် သခင်​ဘုရား​၌ အလွန်​ဝမ်းမြောက်​၏။ အမှန်စင်စစ် သင်​တို့​သည် ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော်လည်း အခွင့်​မ​ရ​ခဲ့​ကြ။

11 ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။

12 နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။

13 ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။

14 မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။

15 ဖိလိပ္ပိ​မြို့သူ​မြို့သား​တို့၊ ကောင်းမြတ်​သော​သတင်း​ကို စတင်​ဟောပြော​ချိန်​၌ မာကေဒေါနိ​ပြည်​မှ ငါ​ထွက်လာ​သောအခါ သင်​တို့​မှတစ်ပါး မည်သည့်​အသင်းတော်​မျှ ပေးလှူ​ခြင်း​နှင့်​လက်ခံ​ခြင်း​အမှု​တို့​၌ ငါ​နှင့်အတူ​ပါဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16 သက်သာလောနိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လိုအပ်​သော​အရာ​ကို တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် ပေးပို့​ခဲ့​ကြ​၏။

17 ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။

18 ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

19 ငါ​၏​ဘုရားသခင်​သည်​လည်း ဘုန်း​အသရေ​တော်​၌​ရှိ​သော မိမိ​၏​ကြွယ်ဝ​မှု​နှင့်အညီ သင်​တို့​၏​လိုအပ်​ချက်​ရှိသမျှ​ကို ခရစ်တော်​ယေရှု​အားဖြင့် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။

20 ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

နောက်ဆုံး နှုတ်ဆက်စကားများ

21 ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ ငါ​နှင့်အတူ​ရှိ​သော​ညီအစ်ကို​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။

22 သန့်ရှင်း​သူ​အားလုံး အထူးသဖြင့် ဆီဇာ​ဧကရာဇ်​၏​နန်းတော်​၌​ရှိ​သော​သူ​တို့​က သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။

23 သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative