အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


တမန်တော်ဝတ္ထု 9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
တမန်တော်ဝတ္ထု 9

ဒမတ်စကပ်မြို့သို့ သွားရာလမ်း

1 ရှောလု​သည် သခင်​ဘုရား​၏​တပည့်​တော်​တို့​ကို ခြိမ်းခြောက်​၍​သတ်ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်းပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ထံသို့ ချဉ်းကပ်​လျက်

2 ဤ​တရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​နိုင်​ရန် ဒမတ်စကပ်​မြို့​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံမှ တောင်း​လေ​၏။

3 ဤသို့ဖြင့် သူ​သည် သွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့ ရောက်လာ​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ့​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​လေ​၏။

4 သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း”​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။

5 ရှောလု​က​လည်း “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လျှင်“ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။

6 သင်​သည် ထ​၍ မြို့​ထဲသို့​ဝင်​သွား​လော့။ ထိုအခါ သင်​ပြု​ရ​မည့်​အမှု​ကို သင့်​အား ပြောကြား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

7 သူ​နှင့်အတူ ခရီး​သွား​ကြ​သော​သူ​တို့​သည် အသံ​ကို​ကြား​ရ​သော်လည်း မည်သူ့​ကို​မျှ မ​တွေ့​ရ​သောကြောင့် မှင်တက်မိ​လျက် ရပ်​နေ​ကြ​၏။

8 ရှောလု​သည် မြေ​ပေါ်မှ​ထ​၍ မိမိ​မျက်စိ​ကို​ဖွင့်​သော်လည်း မည်သည့်​အရာ​ကို​မျှ မ​မြင်​ရ​သဖြင့် လူ​တို့​သည် သူ့​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏။

9 သူ​သည် သုံး​ရက်​တိုင်တိုင် မျက်စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။

ရှောလုဗတ္တိဇံခံယူခြင်း

10 ဒမတ်စကပ်​မြို့​တွင် အာနနိ​အမည်​ရှိ​သော တပည့်​တော်​တစ်​ဦး​ရှိ​၏။ သခင်​ဘုရား​သည် ရူပါရုံ​၌“အာနနိ”​ဟု ခေါ်​တော်မူ​လျှင် အာနနိ​က “အကျွန်ုပ်​ရှိ​ပါ​သည် သခင်​ဘုရား”​ဟု ပြန်​လျှောက်​လေ​၏။

11 သခင်​ဘုရား​က​လည်း“သင်​သည်​ထ​၍ လမ်းဖြောင့်​ဟု​ခေါ်​သော လမ်းကြား​တစ်​ခု​သို့​သွား​ပြီးလျှင် ရှောလု​အမည်​ရှိ​သော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ မေးမြန်း​ရှာဖွေ​လော့။ အကြောင်းမူကား သူ​သည် ဆုတောင်း​လျက်​နေ​၍

12 အာနနိ​အမည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်စိ​ပြန်​မြင်​စေရန် သူ့​အပေါ်​လက်​တင်​သည်​ကို ရူပါရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်မူ​၏။

13 အာနနိ​က​လည်း “သခင်​ဘုရား၊ ထို​သူ​သည် ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အပေါ် မကောင်းမှု​များ မည်မျှလောက်​ပြု​ခဲ့​သည်​ကို လူ​များစွာ​တို့​ထံမှ အကျွန်ုပ်​ကြား​ရ​ပါ​သည်။

14 ဤ​အရပ်​၌​လည်း ကိုယ်တော်​၏​နာမ​တော်​အား ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​ကို​ချည်နှောင်​ထား​ရန် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို သူ​ရရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

15 သို့သော် သခင်​ဘုရား​က“သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။

16 သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်”​ဟု မိန့်​တော်မူ​၏။

17 ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့​ဝင်​ပြီးလျှင် ရှောလု​အပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှောလု၊ သင်​သည် မျက်စိ​ပြန်​မြင်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်ရှား​သော​သခင်​ယေရှု​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ဆို​လေ​၏။

18 ထို​ခဏချင်း​တွင် ငါး​အကြေးခွံ​ကဲ့သို့သော​အရာ​သည် ရှောလု​၏​မျက်စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိဇံ​ခံ​ပြီး

19 အစားအစာ​ကို​သုံးဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။ ထို့နောက် သူ​သည် ဒမတ်စကပ်​မြို့​၌​ရှိ​သော တပည့်​တော်​တို့​နှင့်အတူ ရက်​အနည်းငယ်​နေထိုင်​ပြီးမှ

ယေရှုအကြောင်း ရှောလုဟောပြောခြင်း

20 ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်ချင်း​ဟောပြော​လေ​၏။

21 ကြားနာ​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​လျက် “ဤ​သူ​သည် ဂျေရုဆလင်​မြို့​၌ ဤ​နာမ​ကို ပတ္ထနာ​ပြု​သော​သူ​တို့​အား ဖျက်ဆီး​ရန် ကြိုးစား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်နှောင်​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့ ပို့ဆောင်​မည်​ဟူသော​ရည်ရွယ်ချက်​ဖြင့် ဤ​နေရာ​သို့​ရောက်လာ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​၏။

22 သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။

23 ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း

24 သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။

25 သို့သော် ရှောလု​၏​တပည့်​တို့​သည် ည​အချိန်​၌ သူ့​ကို​ခေါ်ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့ရိုး​ပေါ်မှ​လျှောချ​ကြ​၏။

ဂျေရုဆလင်သို့ ပြန်ရောက်သောရှောလု

26 ရှောလု​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​သောအခါ တပည့်​တော်​များ​နှင့်​ပေါင်းဖော်​ရန် ကြိုးစား​သော်လည်း သူ​တို့​အားလုံး​သည် သူ့​ကို တပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​ကြ​၏။

27 သို့သော် ဗာနဗ​သည် သူ့​ကို​ဖေးမ​၍ တမန်တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​ပြီးလျှင် ရှောလု​သည် လမ်း​ခရီး​၌ သခင်​ဘုရား​ကို တွေ့မြင်​ခဲ့​ပုံ​မှစ၍ သခင်​ဘုရား​က သူ့​အား​မိန့်​တော်မူ​ခဲ့​ပုံ​နှင့် ဒမတ်စကပ်​မြို့​တွင် ယေရှု​၏​နာမ​တော်​၌ ရဲရင့်​စွာ သူ​ဟောပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြောပြ​လေ​၏။

28 ထို့နောက် ရှောလု​သည် ဂျေရုဆလင်​မြို့​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဝင်​ထွက်​သွားလာ​ကာ သခင်​ဘုရား​၏​နာမ​တော်​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။

29 သူ​သည် ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သို့သော် သူ​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​အားထုတ်​ကြ​၏။

30 ထို​အကြောင်း​ကို ညီအစ်ကို​တို့​ကြားသိ​ကြ​သောအခါ သူ့​ကို ဆီဇာရီးယား​မြို့​သို့ ခေါ်ဆောင်​သွား​၍ တာရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

31 ဤသို့ဖြင့် ယုဒ​နယ်၊ ဂါလိလဲ​နယ်​နှင့် ရှမာရိ​နယ်​တစ်လျှောက်လုံး​၌ အသင်းတော်​သည် ငြိမ်းချမ်း​မှု​ကို​ရရှိ​၍ တည်ဆောက်​မြှင့်တင်​ခြင်း​ခံရ​ကာ သခင်​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တိုက်တွန်း​အားပေး​ခြင်း​၌​လည်းကောင်း လျှောက်လှမ်း​လျက် တိုးပွား​လေ​၏။

အဲနေကိုကျန်းမာစေခြင်း

32 ပေတရု​သည် အရပ်ရပ်​သို့​လှည့်လည်​၍ လုဒ္ဒ​မြို့​၌​နေထိုင်​သော သန့်ရှင်း​သူ​များ​ထံသို့​ရောက်လာ​ခဲ့​ရာ

33 ထို​မြို့​တွင် လေဖြတ်​၍ ရှစ်​နှစ်​ပတ်လုံး အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် အဲနေ​အမည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။

34 ထိုအခါ ပေတရု​က “အဲနေ၊ ယေရှု​ခရစ်တော်​သည် သင့်​ကို​ကျန်းမာ​စေ​တော်မူ​ပြီ။ ထ​၍ ကိုယ့်​အိပ်ရာ​ကို ကိုယ်​သိမ်း​လော့”​ဟု ဆို​လျှင် သူ​သည် ချက်ချင်း​ထ​လေ​၏။

35 လုဒ္ဒ​မြို့​နှင့်​ရှာရုန်​ဒေသ​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် အဲနေ​ကို​မြင်​၍ သခင်​ဘုရား​ထံ​တော်​သို့ ပြောင်းလဲ​လာ​ကြ​၏။

အသက်ပြန်ရှင်သောဒေါ်ကာ

36 ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။

37 ထို​နေ့ရက်​များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး​သေဆုံး​သွား​သဖြင့် လူ​တို့​သည် သူ​၏​အလောင်း​ကို​ရေချိုး​ပေး​ပြီးလျှင် အထက်ခန်း​၌ ထား​ကြ​၏။

38 ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။

39 ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။

40 ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။

41 ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။

42 ဤ​သတင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အနှံ့​ကျော်ကြား​သွား​၍ လူ​များစွာ​တို့​သည် သခင်​ဘုရား​ကို​ယုံကြည်​ကြ​၏။

43 ပေတရု​သည် ယုပ္ပေ​မြို့​တွင် သားရေနယ်သမား​ရှိမုန်​ထံ၌ ရက်​ပေါင်း​များစွာ​တည်းခို​နေ​၏။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative