1 ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။ 2 ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။ 3 ဤသို့ပြောသည်မှာ သင်တို့ကို အပြစ်တင်လို၍ မဟုတ်။ ယခင်က ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင်တို့သည် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ သေအတူရှင်မကွဲ ရှိနေကြသောကြောင့်ဖြစ်၏။ 4 ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။ အသင်းတော်၏ နောင်တရခြင်းအပေါ် ပေါလုဝမ်းမြောက်ခြင်း5 မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။ 6 သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ 7 တိတုရောက်လာသည့်အတွက်ကြောင့်သာမက သင်တို့ထံမှ နှစ်သိမ့်အားပေးမှုကို တိတုခံစားရကြောင်းကို ကြားရသည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့သည် အားရကြ၏။ တိတုက သင်တို့သည် ကျွန်ုပ်ကို အလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းကြောင်း၊ ကျွန်ုပ်အတွက် စိတ်အားထက်သန်ကြောင်းစသည်တို့ကို ပြောပြသောကြောင့် ကျွန်ုပ်သည် ပို၍ပင် ဝမ်းမြောက်ရ၏။ 8 ကျွန်ုပ်ပို့လိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရလျှင်လည်း ကျွန်ုပ်သည် စိတ်မကောင်းမဖြစ်ပါ။ အစဦးတွင် ကျွန်ုပ် စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ကျွန်ုပ်ရေးလိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရသည်မှာ ခဏသာ ဖြစ်သောကြောင့် 9 ယခု ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့ဝမ်းနည်းခဲ့ရသည့်အတွက်မဟုတ်။ သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့် ဝမ်းမြောက်ခြင်းဖြစ်၏။ သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ကျွန်ုပ်တို့ကြောင့် နာကျင်ရသည်ဟူ၍ မရှိခဲ့ပေ။ 10 ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရရှိစေမည့် နောင်တစိတ်ကို ဖြစ်ပေါ်စေပြီး ပူဆွေးဝမ်းနည်းရခြင်းမျိုး မရှိပေ။ သို့သော် လောကီနှင့်ဆိုင်သော ဝမ်းနည်းခြင်းသည် သေခြင်းတရားကို ဖြစ်ပေါ်စေ၏။ 11 ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။ 12 ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။ 13 ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။ 14 ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။ 15 သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။ 16 ကျွန်ုပ်သည် သင်တို့ကို အရာရာ၌ ယုံကြည်စိတ်ချရသောကြောင့် ဝမ်းမြောက်၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.