အပြစ်သားများ၏သွင်ပြင်စရိုက်ဂီတမှူးအတွက်၊ မာဟလတ်သံစဉ်၊ ဒါဝိဒ်၏အလိမ္မာသီချင်း 1 မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောမတရားမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူမရှိ။ 2 ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ဘုရားသခင်သည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။ 3 လူအပေါင်းတို့သည် ဖောက်ပြန်ကြပြီ။ တညီတညွတ်တည်းဆွေးမြည့်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။ 4 အပြစ်ဒုစရိုက်ပြုသောသူတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ဘုရားသခင်ကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။ 5 သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။ 6 အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မိမိလူမျိုးတော်ကို ဘုရားသခင်ပြန်လာစေတော်မူသောအခါ ယာကုပ်သည် ရွှင်လန်းပါစေ။ အစ္စရေးသည် ဝမ်းမြောက်ပါစေ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative