နေဟမိ 2 - မြန်မာ့စံမီသမ္မာကျမ်းနေဟမိကို ဂျေရုဆလင်မြို့သို့စေလွှတ်ခြင်း 1 အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။ 2 ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက် 3 မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။ 4 ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။ 5 ထို့နောက် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိ၍ အရှင့်အစေအပါးအား မျက်နှာသာပေးမည်ဆိုလျှင် အကျွန်ုပ်တို့ဘိုးဘေး၏သင်္ချိုင်းမြေရှိရာမြို့ကို ပြန်လည်တည်ဆောက်ရန် ယုဒပြည်သို့ ပြန်ခွင့်ပေးတော်မူပါ”ဟု လျှောက်ဆို၏။ 6 ထိုအခါ မိဖုရားနှင့်အတူထိုင်နေသောရှင်ဘုရင်က “သင့်ခရီးစဉ် မည်မျှကြာမည်နည်း။ မည်သည့်အချိန်၌ ပြန်လာမည်နည်း”ဟု ငါ့အား မေးမြန်းလျှင် ငါသည် ကြာမည့်အချိန်ကို ပြောပြရာ မင်းကြီးက သဘောတူသဖြင့် ငါ့ကို ပြန်ခွင့်ပြု၏။ 7 ထို့ပြင် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိလျှင် ယုဒပြည်သို့ပြန်သွားရာတွင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုဖြတ်သန်းခွင့်ပြုရန် ထိုဒေသ၏ဘုရင်ခံတို့ထံ အမိန့်စာကို ပါးလိုက်တော်မူပါ။ 8 ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။ 9 ငါသည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံတို့ထံသို့ရောက်သောအခါ ရှင်ဘုရင်၏အမိန့်စာကို သူတို့အား ပေး၏။ ရှင်ဘုရင်သည် ငါနှင့်အတူ စစ်သူကြီးများ၊ မြင်းစီးသူရဲများကိုလည်း စေလွှတ်ပေးခဲ့၏။ 10 အစ္စရေးအမျိုးသားတို့၏ကောင်းကျိုးကို ပြုစုပေးမည့်သူတစ်ဦး ရောက်လာကြောင်း ဟောရနိလူမျိုး သမ္ဘာလတ်နှင့် အမ္မုန်လူမျိုး အမှုထမ်းတောဘိတို့ ကြားသိလျှင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်လေ၏။ မြို့ရိုးကိုပြန်လည်တည်ဆောက်ရန် ပြင်ဆင်ခြင်း 11 ငါသည် ဂျေရုဆလင်မြို့သို့ရောက်၍ ထိုမြို့၌ သုံးရက်နေပြီးမှ 12 ငါ၏ဘုရားသခင် ငါ့အားဖွင့်ပြပေးသော ဂျေရုဆလင်မြို့နှင့်ဆိုင်သည့် လုပ်ဆောင်ရမည့်အရာကို မည်သူ့ကိုမျှမပြော၊ ငါနှင့်ပါလာသောလူအချို့တို့နှင့် ညအချိန်တွင်ထ၍ ငါစီးလာသောမြင်းမှတစ်ပါး အခြားတိရစ္ဆာန်တစ်ကောင်မျှမပါဘဲ 13 ထိုညအချိန်တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်တံခါးမှထွက်၍ မြွေနဂါးရေတွင်းနှင့်မျက်နှာချင်းဆိုင် နောက်ချေးပုံတံခါးသို့သွားပြီး ပြိုပျက်သွားသောဂျေရုဆလင်မြို့ရိုးနှင့် မီးလောင်ကျွမ်းသွားသောတံခါးများကို ကြည့်ရှုစစ်ဆေး၏။ 14 ထို့နောက် စမ်းရေတွင်းတံခါးနှင့် ဘုရင့်ရေကန်ဘက်သို့ သွားရာ ငါစီးလာသောမြင်းသွားဖို့ရာ လမ်းမရှိ။ 15 ထို့ကြောင့် ထိုည၌ပင် ချောင်းနားသို့သွား၍ မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီးလျှင် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းလွင်ပြင်တံခါးမှ ပြန်ဝင်လာခဲ့၏။ 16 ဂျူးလူမျိုးများ၊ ယဇ်ပုရောဟိတ်များ၊ မှူးမတ်များ၊ မင်းအရာရှိများနှင့် အခြားအလုပ်သမားများကို ဘာမျှ ငါမပြောပြသေးသဖြင့် မည်သည့်နေရာသို့ ငါသွား၍ မည်သည့်အရာပြုသည်ကို မင်းအရာရှိတို့သည် မသိကြပေ။ 17 ထို့နောက်မှ ငါက “ငါတို့ခံရသောဒုက္ခကို သင်တို့တွေ့ပြီလော။ ဂျေရုဆလင်မြို့လည်း ပျက်စီးပြီ။ မြို့တံခါးများလည်း မီးလောင်ကျွမ်းပြီ။ လာကြ။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချမခံရအောင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြစို့”ဟု သူတို့အား ဆို၏။ 18 ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။ 19 ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။ 20 ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative