ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။
ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းပိုးကိုလေးစေပါပြီ။ ပေါ့စေတော်မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ကြီးလိမ့်မည်။
ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ်ရည်ကိုလည်းကောင်း၊ တစ်နေ့လျှင် ငွေလေးဆယ်ကိုလည်းကောင်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့ မပြု။
ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။
မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။
ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲ့ နံနက်စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာရှိ၏။
တစ်ဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူ မရှိ။
ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့သောက်ဖို့ယူခဲ့ကြဟု ဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကို နားထောင်ကြလော့။