အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။
ဘုရားသခင်သည် ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ထာဝရဘုရားကိုကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊
ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။
ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။
အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲနေလေ၏။
အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ် မရှိစေနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘော ရှိစေလော့။
အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။
ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။
မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကို ချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်းစိတ် ရှိစေလော့။-
ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။-
ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကို ဆည်းပူးသလော။-
ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။-
လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။-