အမြင့်ဆုံးသောဘုရား၏ နှုတ်တော်ထွက်ရှိသည်အတိုင်း မင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။
ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု အဘယ်သူဆိုရမည်နည်း ဟူ၍လည်းကောင်း၊
ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။
ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။
မင်းပြုသောကျေးဇူးကို များသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့၏အမှုကို ထာဝရဘုရား စီရင်တော်မူ၏။
ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည်နည်းတူ၊ ငါကတိထားသော ကောင်းကျိုးအပေါင်းကိုလည်း ငါရောက်စေမည်။
မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။