အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။
ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ယှက်မည်။ သို့ရာတွင် အစဉ်နှောင့်ယှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မူမည်လော။ နောက်တစ်ဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော်မူမည်လော။
ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။
သူ့ကိုစွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ၏။ အရှေ့လေ လာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။
ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာပျောက်၍၊ ငါဖန်ဆင်းသောဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်လည်းကောင်း၊ မြေကြီးအောက်ဆုံး အမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်လည်းကောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။
ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုးကို တစ်ဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရား ရှိပါသနည်း။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဖူးသော်လည်း နောက်တစ်ဖန် မညှဉ်းဆဲ။
ထာဝရဘုရားသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှာအလိုရှိတော်မူပြီ။