ထာဝရဘုရားလက်တုံ့ပြန်ရာနေ့1 အနီရောင်ဝတ်ရုံကိုဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှလာသော ဤသူကား မည်သူနည်း။ ထည်ဝါသောအဝတ်တန်ဆာကိုဆင်လျက် ကြီးမားသောခွန်အားနှင့် ချီတက်လာသော ဤသူကား မည်သူနည်း။ ဖြောင့်မတ်စွာမိန့်ဆိုသော၊ ကယ်တင်နိုင်စွမ်းရှိသော ငါပင်ဖြစ်၏။ 2 ကိုယ်တော်၏အဝတ်တန်ဆာသည် အဘယ်ကြောင့် နီနေပါသနည်း။ ကိုယ်တော်၏ဝတ်ရုံသည် အဘယ်ကြောင့် စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်သောသူ၏အဝတ်ကဲ့သို့ ဖြစ်နေပါသနည်း။ 3 စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။ 4 လက်တုံ့ပြန်ရာနေ့ကို ငါ့စိတ်ထဲ၌မှတ်ထား၏။ ငါရွေးနုတ်ရာနှစ်သည် ရောက်လာပြီ။ 5 ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။ 6 လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။ ကျေးဇူးတော်ကိုအောက်မေ့ခြင်း7 ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။ 8 ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ 9 သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။ 10 သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။ 11 ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။ 12 ဘုန်းကြီးသောလက်ရုံးတော်ကို မောရှေ၏လက်ယာလက်နှင့်အတူ ရှိစေသောသူ၊ နာမတော်အစဉ်ထင်ရှားစေရန် သူတို့ရှေ့တွင် ရေကိုခွဲသောသူ၊ 13 နက်ရှိုင်းရာအရပ်ကို ဖြတ်သွားစေသောသူကား အဘယ်မှာနည်း။ သူတို့သည် လွင်ပြင်၌သွားသောမြင်းကဲ့သို့ ခလုတ်မတိုက်။ 14 ချိုင့်ဝှမ်းထဲသို့ဆင်းလာနားသော တိရစ္ဆာန်ကဲ့သို့ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူတို့ကို အနားယူစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် နာမတော်ဘုန်းကြီးစေရန် လူမျိုးတော်ကို ဦးဆောင်တော်မူ၏။ အစ္စရေးလူမျိုးတို့၏ဆုတောင်းချက်15 ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။ 16 ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။ 17 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။ 18 ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။ 19 အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative