ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
ထာ ဝ ရ ဘု ရား သည် နည်း လမ်း တော် ရှိ သ မျှ တွင် ဖြောင့် မတ်၍၊ အ မှု တော် များ တွင် သန့် ရှင်း တော် မူ ပါ၏။
ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
အကယ်စင်စစ် ဘုရားသခင်သည် ဆိုးယုတ်မှုကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် တရားမျှတမှုကို ဖောက်ဖျက်တော်မမူ။
ထာဝရဘုရားသည် နှိပ်စက်ခြင်းခံရသူ အပေါင်းတို့အတွက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။
ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။ ငါတို့၏ဘုရားသခင်သည် သနားစုံမက်တော်မူတတ်၏။
ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။(စေလာ)
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။