ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။
ထိုမြေထဲက အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။
ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊
ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။
ဥပဒေသကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်း ဖြစ်၏။
သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။
မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-