အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။
အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။
အနာကို မွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကိုပြုတတ်၏။
စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တစ်ဖန် သာ၍ ကျေးဇူးကိုခံရလိမ့်မည်။
အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တစ်ခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။-
ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-