ငါသည် ပညာရှိ၏ဟုထင်သောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာ အခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။
ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။
ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည်ဟု ကိုယ်ကိုထင်တတ်၏။
မိုက်သောသူ၏သဘောသို့လိုက်၍ သူ၏စကားကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့်မည်။
ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုထင်တတ်၏။ ဉာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကို စစ်ကြောတတ်၏။
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကို ဆောင်သနည်းဟု မေးတော်မူလျှင်၊ သားအကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏။-
ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။-
ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့် သုတ်လေပြီ။-
ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။
အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။-
သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။-