သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာအတတ်ကို သိုထားတတ်၏။ ပညာရှိသောသူ၏နားသည်လည်း၊ ပညာစကားကိုရှာတတ်၏။
သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုးနည်းခြင်းနှင့် နီးစပ်၏။
ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နားထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဖော်ရသောအခွင့်ရှိ၏။
သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။
ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။
ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။
ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။-
ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း၊-
သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။-