ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာသောမိုးတိမ်ကဲ့သို့ ဖြစ်၏။
ကိုယ်တော်သည် သူ့ကို ထာဝရမင်္ဂလာအရာ၌ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေတော်မူ၏။
အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တစ်သက်လုံးတည်၏။ ညဉ့်ဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့်ရှိ၏။
ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။
ထိုမင်း၏သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြေကို စိုစေသော မိုးပေါက်များကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။
ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက်သကဲ့သို့ ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
မင်းပြုသောကျေးဇူးကို များသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့၏အမှုကို ထာဝရဘုရား စီရင်တော်မူ၏။
ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
နောက်မိုး ရွာရာကာလတွင် မိုးရွာစေမည်အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာမိုးရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဖို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။-