ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထလျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။
ထိုသူတို့သည် စော်ကားသောစကားကိုပြော၍၊ သူတို့နှုတ်ခမ်းတွင် ဓားပါလျက် အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏။
ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။
သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။
ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။
မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့သို့၊ စကားများသောအားဖြင့် မိုက်သောသူ၏အသံကို ကြားရ၏။
ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။