ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကိုမဖူးမတွေ့ရ။ လက်ယာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ယှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတစ်မျိုးလုံးဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင်နိုင်သနည်း။
ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မျှော်လင့်လျက်နေလော့။
ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။
ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။
အို ဣသရေလအမျိုး၏ ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကိုထင်ရှားစွာ ပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။