အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
ဣရှမေလသည် အသက်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏။
အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမျှော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
ခပ်သိမ်းသောလူသတ္တဝါတို့သည် ချက်ချင်းသေပျောက်၍ မြေမှုန့်သို့ တစ်ဖန်ရောက်ရကြလိမ့်မည်။
မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။
အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။
မျက်နှာတော်ကိုလွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏနိုင်ငံသည် သူတို့၏နေရာဖြစ်၏။
ထိုကာလ၌ မြေမှုန့်သည်နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။
သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ဝိညာဉ်ကိုလည်းကောင်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကိုလည်းကောင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
အကယ်၍ အရင်ဆိုသောသူသည် အနှစ်နှစ်ထောင် အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။
မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံးသွင်းမိကြလိမ့်မည်။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။
ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။
သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။