ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘဖြစ်သော ဟာမော်၏သားတို့အား အဖိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။
အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။
ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။
ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။
ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
ယာကုပ်သားတို့သည်၊ အဘမှာထားသည်အတိုင်း ပြုကြ၏။
ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချိုင်းဖို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။
အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတစ်ပိဿာနှင့် ယာကုပ်ဝယ်သောရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။