ငါသည်သင့်ကိုတိုးပွားများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှာ ငါပေးမည်ဟု မိန့်တော်မူ၏။
ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။
ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။
ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
သင်သည် ယခုဧည့်သည်ဖြစ်၍နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တစ်လျှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။
သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျှောက်လေ၏။
တစ်ဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတစ်မျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီးဖြစ်စေမည်။
ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။
ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။
ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။
ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
သင်တို့ကိုငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့်ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။
အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။