အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။
ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
သို့သော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤအမှုကိုသိမြင်တော် မူပါ၏။ သို့ဖြစ်၍ အို ထာဝရဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။
အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။