ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။ သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။-