နိုင်ငံတော်ကွဲသွားခြင်း1 အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။ 2 ရှောလမုန်မင်းကြီးထံမှထွက်ပြေးသွားခဲ့သော နေဗတ်၏သားယေရောဗောင်သည် အီဂျစ်ပြည်၌ခိုလှုံနေ၏။ ထိုသတင်းကိုကြားရလျှင် ယေရောဗောင်သည် အီဂျစ်ပြည်မှ ပြန်လာ၏။ 3 ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်ကြ၏။ ထို့နောက် ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ရောဗောင်မင်းကြီးထံသို့လာကြပြီး 4 “မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့ပါ၏။ သို့သော် မင်းကြီး၏ခမည်းတော်ထံ၌ အကျွန်ုပ်တို့ ခက်ခဲပင်ပန်းစွာအမှုထမ်းခဲ့ရသည်ကို သက်သာစေမည်ဆိုလျှင်၊ အကျွန်ုပ်တို့အပေါ်တင်ထားခဲ့သည့် လေးလံသောထမ်းပိုးကို ပေါ့စေမည်ဆိုလျှင် မင်းကြီးထံ ခစားကြပါမည်”ဟု လျှောက်တင်ကြ၏။ 5 ထိုအခါ ရောဗောင်မင်းကြီးက “သုံးရက်ကြာမှ ငါ့ထံသို့ပြန်လာကြလော့”ဟု မိန့်ဆိုသဖြင့် လူတို့လည်း ပြန်သွားကြ၏။ 6 ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ 7 သူတို့က “မင်းကြီးသည် ဤလူတို့ကိုကျေးဇူးပြုမည်၊ သူတို့စိတ်ကျေနပ်အောင် ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံ အစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။ 8 သို့သော် ရောဗောင်မင်းကြီးသည် သက်ကြီးဝါကြီးတို့ပေးသောအကြံကို လက်မခံဘဲ သူ့ထံ၌ခစားနေသော ငယ်ပေါင်းကြီးဖော်လူငယ်များနှင့် တိုင်ပင်လေ၏။ 9 “ ‘အကျွန်ုပ်တို့အပေါ် သင့်ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါ’ဟု တောင်းဆိုလာသော ဤလူတို့အား မည်သို့ပြန်ပြောရမည်ကို အကြံပေးကြပါ”ဟု သူတို့အား တိုင်ပင်မေးမြန်းလျှင် 10 သူ၏ငယ်ပေါင်းကြီးဖော်လူငယ်တို့က “ ‘မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကိုတင်ခဲ့ပြီ။ ထိုထမ်းပိုးကိုပေါ့စေတော်မူပါ’ဟု လျှောက်တင်သောလူတို့အား ‘ငါ့လက်သန်းသည် ငါ့ခမည်းတော်၏ခါးထက် ပို၍တုတ်၏။ 11 ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်’ဟူ၍ ပြန်ဖြေပါလော့”ဟု လျှောက်တင်ကြ၏။ 12 ရှင်ဘုရင်က “သုံးရက်မြောက်နေ့တွင် ငါ့ထံပြန်လာကြ”ဟု ဆိုသည့်အတိုင်း ယေရောဗောင်နှင့်လူအပေါင်းတို့သည် သုံးရက်မြောက်သောနေ့တွင် ရောဗောင်မင်းကြီးထံသို့ ပြန်လာကြ၏။ 13 ထိုအခါ ရောဗောင်မင်းကြီးသည် သူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး 14 လူငယ်တို့ပေးသောအကြံအတိုင်း ထိုသူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။ 15 ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ဘုရားသခင် ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။ 16 အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။ 17 သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။ 18 တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်ဟဒေါရံကိုစေလွှတ်ရာ အစ္စရေးအမျိုးသားတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်စီးပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။ 19 ဤသို့ဖြင့် အစ္စရေးလူမျိုးတို့သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ကို ယနေ့တိုင်အောင် ပုန်ကန်ကြလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative