1 ပြည်ကိုအုပ်စိုးသောမင်းထံ သိုးသငယ်ကို ပို့လိုက်လော့။ တောကန္တာရကိုဖြတ်၍ သေလမြို့မှ ဇိအုန်သမီး၏တောင်ပေါ်သို့ ပို့လိုက်လော့။ 2 အသိုက်အဖျက်ခံရ၍ ထွက်ပြေးသောငှက်များကဲ့သို့ မောဘသမီးတို့သည် အာနုန်မြစ်ဆိပ်၌ ရောက်နေကြ၏။ 3 သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။ 4 မောဘပြည်မှနှင်ထုတ်ခံရသောသူတို့သည် သင်နှင့်အတူနေထိုင်ကြပါစေ။ သူတို့ကို ဖျက်ဆီးသောသူ၏ရှေ့မှ ကာကွယ်ပေးပါ”ဟု ဆိုကြ၏။ ဖိနှိပ်သောသူမရှိတော့ပြီ။ ဖျက်ဆီးခြင်းလည်း ရပ်သွားပြီ။ နင်းချေတတ်သောသူသည် မြေကြီးပေါ်မှပျောက်ကွယ်သွားပြီ။ 5 ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။ 6 မောဘ၏မာနကို ငါတို့ကြားသိ၏။ အလွန်ကြီးသောမာနဖြစ်၏။ သူ၏မာန်မာနကြီးခြင်း၊ သူ၏ထောင်လွှားခြင်း၊ သူ၏ဒေါသတို့သည် ဘာမျှမဟုတ်။ ဝါကြွားခြင်းသာ ဖြစ်၏။ 7 ထို့ကြောင့် မောဘပြည်သားသည် မောဘပြည်ကြောင့် ညည်းတွားငိုကြွေးကြရမည်။ လူတိုင်း ညည်းတွားငိုကြွေးကြရမည်။ သင်တို့သည် ကိရဟရက်မြို့မှ စပျစ်ခြောက်မုန့်များကြောင့် ညည်းတွားကြရမည်။ အမှန်ပင် ပူဆွေးသောကရောက်ကြရမည်။ 8 စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ 9 ထို့ကြောင့် ယာဇာမြို့အတွက် ငိုကြွေးသကဲ့သို့ စိဗမာစပျစ်ပင်အတွက်လည်း ငါငိုကြွေး၏။ အို ဟေရှဘုန်မြို့၊ အို ဧလာလေမြို့၊ သင့်ကို ငါ့မျက်ရည်ဖြင့် ရွှဲရွှဲစိုစေမည်။ အကြောင်းမူကား သင်၏နွေရာသီသီးနှံအတွက်၊ သင်၏သီးနှံရိတ်သိမ်းခြင်းအတွက် ကြွေးကြော်သံ ငြိမ်းလေပြီ။ 10 သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။ 11 ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။ 12 မောဘပြည်သားတို့သည် မြင့်ရာအရပ်၌ ဖူးမြော်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံကြသော်လည်း၊ သူတို့၏ဗိမာန်သို့သွား၍ ဆုတောင်းကြသော်လည်း အောင်နိုင်မည်မဟုတ်။ 13 ဤသည်ကား ထိုအချိန်အခါက မောဘပြည်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်မြွက်ခဲ့သောစကားတော်ဖြစ်၏။ 14 တစ်ဖန် ထာဝရဘုရားက “သူရင်းငှား၏နှစ်ကာလအရ သုံးနှစ်အတွင်း မောဘပြည်၏ဘုန်းအသရေသည် လူထုကြီးနှင့်အတူ ရှုတ်ချခြင်းခံရမည်။ လူအနည်းငယ်သာကြွင်းကျန်၍ အားနည်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative