ယဇ်ပုရောဟိတ်အမှုကိုစတင်ဆောင်ရွက်ခြင်း1 ရှစ်ရက်မြောက်သောနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ အစ္စရေးသက်ကြီးဝါကြီးများကို ခေါ်ပြီးလျှင် 2 အာရုန်အား “အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားသငယ်တစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို သင့်အဖို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။ 3 အစ္စရေးအမျိုးသားတို့ကိုလည်း ‘အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ် နွားသငယ်တစ်ကောင်နှင့်သိုးသငယ်တစ်ကောင်၊ 4 ထာဝရဘုရားရှေ့တော်၌ မိတ်သဟာယယဇ်ကို ပူဇော်ရန်အတွက် နွားတစ်ကောင်နှင့်သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူဆောင်လာလော့’ဟု ဆင့်ဆိုလော့။ ထာဝရဘုရားသည် ယနေ့ သင်တို့အား ကိုယ်ထင်ရှားပြတော်မူမည်”ဟု ဆို၏။ 5 ထို့ကြောင့် သူတို့သည် မောရှေမှာကြားသောအရာတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ယူဆောင်လာကြ၏။ လူထုအပေါင်းတို့သည် ချဉ်းကပ်လာကြ၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ 6 ထိုအခါ မောရှေက “ဤသည်ကား သင်တို့ထံ ထာဝရဘုရား၏ဘုန်းအသရေထင်ရှားတော်မူမည့်အကြောင်း ထာဝရဘုရားမိန့်မှာတော်မူသော သင်တို့ဆောင်ရွက်ရမည့်အရာဖြစ်၏”ဟု ဆို၏။ 7 တစ်ဖန် မောရှေက အာရုန်အား “ယဇ်ပလ္လင်သို့ချဉ်းကပ်လော့။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သင်၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်ကိုပူဇော်၍ သင့်အတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့။ လူတို့၏ပူဇော်သက္ကာကိုလည်း ပူဇော်၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့”ဟု ဆို၏။ 8 ထို့ကြောင့် အာရုန်သည် ယဇ်ပလ္လင်သို့ချဉ်းကပ်၍ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သော နွားသငယ်ကိုသတ်၏။ 9 အာရုန်၏သားတို့သည် သွေးကို သူ့ထံသို့ယူဆောင်လာကြရာ သူသည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်၍ ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်အောက်ခြေ၌ သွန်း၏။ 10 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အာရုန်သည် အပြစ်ဖြေရာယဇ်ကောင်၏အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ်တို့ကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ 11 အသားနှင့်အရေခွံတို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့လေ၏။ 12 ထို့နောက် အာရုန်သည် မီးရှို့ရာယဇ်ကောင်ကိုသတ်၍ သူ့သားတို့သည် သူ့ထံ သွေးကိုယူလာရာ သူသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကိုဖျန်း၏။ 13 သူတို့သည် မီးရှို့ရာယဇ်ကောင်၏ခုတ်ဖြတ်ထားသောအပိုင်းများနှင့်တကွ ဦးခေါင်းကိုလည်း ယူလာရာ အာရုန်သည် ၎င်းတို့ကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ 14 အူနှင့်ခြေထောက်ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။ 15 ထို့နောက် သူသည် လူတို့၏ပူဇော်သက္ကာကိုယူဆောင်လာ၏။ လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုယူ၍ သတ်ပြီးလျှင် ယခင်ကကဲ့သို့ အပြစ်ဖြေရာယဇ်ကို ပူဇော်၏။ 16 မီးရှို့ရာယဇ်ကိုလည်း ယူဆောင်လာ၍ စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်၏။ 17 ထို့နောက် သူသည် ဘောဇဉ်ပူဇော်သက္ကာကိုယူဆောင်လာ၍ နံနက်မီးရှို့ရာယဇ်အပြင် လက်တစ်ဆုပ်စာဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ 18 အာရုန်သည် လူတို့အတွက် မိတ်သဟာယယဇ်ဖြစ်သော နွားနှင့်သိုးထီးကိုသတ်၍ သူ့သားတို့သည် သူ့ထံ သွေးကို ယူလာရာ သူသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ သွေးကိုဖျန်း၏။ 19 နွားနှင့်သိုးထီး၏အမြီးပိုင်းအဆီ၊ အူကိုဖုံးနေသည့်အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ် စသည့်အဆီတို့ကို 20 ရင်ပုံပေါ် တင်၍ ထိုအဆီတို့ကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ 21 မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။ 22 ထို့နောက် အာရုန်သည် လူတို့ဘက်သို့ လက်မြှောက်လျက် သူတို့ကို ကောင်းချီးပေး၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရာမှ ဆင်းလာ၏။ 23 မောရှေနှင့်အာရုန်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်ကြ၏။ သူတို့ ပြန်ထွက်လာ၍ လူတို့ကိုကောင်းချီးပေးသောအခါ ထာဝရဘုရား၏ဘုန်းအသရေသည် လူအပေါင်းတို့အား ထင်ရှားပြတော်မူ၏။ 24 ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative