အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


သုတ္တံကျမ်း။ 2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
သုတ္တံကျမ်း။ 2

ဉာဏ်ပညာ၏တန်ဖိုး

1 ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ

2 ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက် ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊

3 အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊

4 ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း

5 သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။

6 အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။

7 ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။

8 တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။

9 ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။

10 ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ

11 အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့်

12 မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊ ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။

13 သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊

14 မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍ ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊

15 ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။

16 အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။

17 ထို​မိန်းမ​သည် မိမိ​ပျိုရွယ်​စဉ်​ကတည်းက ပေါင်းဖော်​ခဲ့​သော​သူ​ကို​စွန့်ပစ်​၍ မိမိ​ဘုရားသခင်​၏​ပဋိညာဉ်​ကို မေ့လျော့​သူ​ဖြစ်​၏​။

18 သူ​၏​အိမ်​သည် သေ​ခြင်း​သို့​လည်းကောင်း​၊ သူ​၏​လမ်း​တို့​သည် သေသူ​၏ ဝိညာဉ်​များ ရှိ​ရာ​သို့​လည်းကောင်း ဆင်းသွား​၏​။

19 သူ့​ထံသို့​သွား​သော​သူ​တစ်စုံတစ်ဦး​မျှ ပြန်​မ​လာ​တော့​ပေ​။ အသက်ရှင်​ခြင်း​လမ်း​သို့​လည်း မ​ရောက်​နိုင်​တော့​ပေ​။

20 သို့ဖြစ်၍ သင်​သည် သူတော်ကောင်း​တို့​၏​လမ်း​ကို​လိုက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​လမ်းစဉ်​တို့​ကို စောင့်ထိန်း​ရ​မည်​။

21 ဖြောင့်မှန်​သော​သူ​တို့​သည် ပြည်​တော်​၌​နေထိုင်​ရ​၍ အပြစ်တင်စရာမရှိ​သော​သူ​တို့​သည် ထို​ပြည်​၌​မြဲ​ကြ​လိမ့်မည်​။

22 ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​မှ ဖယ်ရှား​ခြင်း​ခံရ​၍ သစ္စာမဲ့​သော​သူ​တို့​သည် ထို​ပြည်​မှ​နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative