Biblia Todo Logo
La Biblia Online
- Anuncios -


ယောဘဝတ္တု။ 28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ယောဘက ဉာဏ်ပညာအကြောင်းကို ဖွဲ့ဆိုသောသီချင်း

1 ငွေ​ထွက်​သော​မိုင်းတွင်း ရှိ​၏​။ ရွှေ​ကို သန့်စင်​သော​နေရာ​လည်း ရှိ​၏​။

2 သံ​ကို မြေကြီး​ထဲမှ တူးယူ​ရ​၏​။ ကြေးဝါ​ကို သတ္တုရိုင်း​မှ သန့်စင်​ယူ​ရ​၏​။

3 မိုင်းတူးသမား​သည် အမှောင်​ကို​ခွင်း​၍ တွင်းနက်​အဆုံးစွန်​ထိ သတ္တုရိုင်း​များ​ကို သေမင်းအရိပ်​လွှမ်းမိုး​ရာ​အမှောင်ထုကြီး​ထဲ၌ ရှာဖွေ​တတ်​၏​။

4 လူသူမရောက်မပေါက်​နိုင်​သော​နေရာ​၊ ခြေလျင်သွားသူ​တို့​မမှတ်မိ​သော​နေရာ​တွင် မိုင်းတွင်း​များ​ကို ထိုးဖောက်​ပြီး လူသူ​ဝေး​ရာ​တွင် ကြိုး​ကို တွဲလွဲခို​၍ အလုပ်လုပ်​ကြ​၏​။

5 မြေကြီး​ပေါ်မှ စားစရာ​ရ​၏​။ မြေ​အောက်​တွင်​မူ မီး​နှင့်​အမြိုက်​ခံရ​သကဲ့သို့ ဖြစ်​၏​။

6 ထို​နေရာ​ရှိ​ကျောက်​တို့​မှ နီလာ​ထွက်​၏​။ မြေမှုန့်​တို့​မှ ရွှေ​ထွက်​၏​။

7 ထို​နေရာ​သို့​သွား​ရာ​လမ်း​ကို သိမ်းငှက်​တို့​မ​သိ​။ လင်းတ​တို့​လည်း မ​မြင်​ဖူး​ပေ​။

8 ထို​လမ်း​ကို သားရဲ​တို့​လည်း မ​နင်း​ဖူး​၊ ခြင်္သေ့​တို့​လည်း မ​ရောက်​ဖူး​ပေ​။

9 မိုင်းတူးသမား​သည် မီးခတ်ကျောက်​ကို ဖောက်ထွင်း​ပြီး တောင်​များ​ကို အောက်ခြေ​မှ မှောက်လှန်​ပစ်​တတ်​၏​။

10 ကျောက်ဆောင်​များ​ကို အမြှောင်းမြှောင်း​ဖောက်​ပြီး အဖိုးတန်ရတနာ​အားလုံး​ကို မတွေ့တွေ့​အောင် ရှာ​၏​။

11 စီးဆင်း​နေ​သော​ချောင်း​များ​ကို ဆည်ဖို့​၍ ဖုံးကွယ်​နေ​သော​အရာ​တို့​ကို ဖော်ထုတ်​၏​။

12 သို့သော် ဉာဏ်ပညာ​ကို အဘယ်မှာ​ရှာတွေ့​နိုင်​မည်နည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။

13 လူ​သည် ဉာဏ်ပညာ​၏​တန်ဖိုး​ကို မ​သိ​။ ဉာဏ်ပညာ​ကို သက်ရှိ​လောက​တွင် ရှာတွေ့​နိုင်​မည်​မ​ဟုတ်​။

14 သမုဒ္ဒရာ​က ‘ငါ့​မှာ မ​ရှိ’​ဟု ဆို​၏​။ ပင်လယ်​က​လည်း ‘ငါ​နှင့်အတူ မ​ရှိ’​ဟု ဆို​၏​။

15 ဉာဏ်ပညာ​ကို ရွှေစင်​ဖြင့် ဝယ်​၍​မ​ရ​နိုင်​။ ဉာဏ်ပညာ​၏​တန်ဖိုး​ကို​လည်း ငွေ​နှင့်​ချိန်​၍​မ​ရ​နိုင်​။

16 ဩဖိရ​ရွှေ​၊ အဖိုးတန်​မဟူရာကြောင်ဝင်​၊ နီလာ​တို့​နှင့်​လည်း တန်ဖိုး​မ​ဖြတ်​နိုင်​။

17 ရွှေ​၊ သလင်းကျောက်​တို့​လည်း သူ့​ကို မ​ယှဉ်​နိုင်​။ ရွှေ​တန်ဆာ​များ​ဖြင့်​လည်း လဲလှယ်​၍​မ​ရ​နိုင်​။

18 သန္တာကျောက်​၊ ပုလဲ​တို့​မူကား ဆိုဖွယ်​ရာ​မ​ရှိ​။ ဉာဏ်ပညာ​သည် ပတ္တမြား​ထက် အဖိုးထိုက်တန်​၏​။

19 အီသီယိုးပီးယား​ပြည်​ထွက် ဥဿဖရား​လည်း ယှဉ်​၍​မ​ရ​နိုင်​။ ရွှေ​စင်​ဖြင့်​လည်း တန်ဖိုးဖြတ်​၍ မ​ရ​နိုင်​။

20 သို့ဖြစ်လျှင် ဉာဏ်ပညာ​သည် အဘယ်​က လာ​သနည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။

21 သက်ရှိသတ္တဝါ​တိုင်း​လည်း မမြင်​နိုင်​။ မိုးကောင်းကင်​ငှက်​တို့​လည်း မ​တွေ့​နိုင်​။

22 ပျက်စီး​ခြင်း​နိုင်ငံ​နှင့် သေမင်း​တို့​က ‘ဉာဏ်ပညာ​အကြောင်း​ကို ငါ​တို့ နား​ဖြင့်​ကြား​ဖူး​ရုံ​မျှသာ​ရှိ​သည်’​ဟု ဆို​ကြ​၏​။

23 ဘုရားသခင်​မူကား ဉာဏ်ပညာ​လမ်း​နှင့် ဉာဏ်ပညာ​တည်​ရာ​ကို သိ​တော်မူ​၏​။

24 အကြောင်းမူကား ကိုယ်တော်​သည် မြေကြီး​စွန်း​တိုင်အောင် ကြည့်ရှု​တော်မူ​၏​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​ကို မြင်​တော်မူ​၏​။

25 လေ​ကို အားပြင်း​စေ​တော်မူ​၏​။ ရေ​ကို ချိန်ဆ​သတ်မှတ်​တော်မူ​၏​။

26 မိုး​နှင့်ဆိုင်သော​စည်းမျဉ်း​၊ လျှပ်စီး​နှင့်ဆိုင်သော​လမ်းကြောင်း​ကို စီရင်​တော်မူ​၏​။

27 ကိုယ်တော်​သည် ဉာဏ်ပညာ​ကို သိ​တော်မူ​၏​။ ဖော်ပြ​ပေး​တော်မူ​၏​။ ဉာဏ်ပညာ​ကို စစ်ကြော​၍ တည်မြဲ​စေ​တော်မူ​၏​။

28 ကိုယ်တော်​က လူ​အား ‘​ကြည့်ရှု​လော့​။ ဘုရားရှင်​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်​၏​။ မကောင်းမှု​ကို​ရှောင်ကြဉ်​ခြင်း​သည် အသိဉာဏ်​ဖြစ်​၏​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
Síguenos en:



Anuncios


¡Síguenos en WhatsApp! Síguenos