၄ ရာ 4 - မြန်မာ့စံမီသမ္မာကျမ်းမုဆိုးမ၏ဆီကို ပွားများစေခြင်း 1 ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။ 2 ထိုအခါ ဧလိရှဲက “အကျွန်ုပ်မည်သို့ပြုပေးရမည်နည်း။ သင့်အိမ်၌ မည်သည့်ပစ္စည်းရှိသနည်း။ ပြောပြပါ”ဟုဆိုလျှင် ထိုမိန်းမက “အရှင့်အစေအပါး၌ ဆီအိုးတစ်လုံးမှလွဲ၍ တစ်အိမ်လုံးတွင် မည်သည့်ပစ္စည်းမျှ မရှိပါ”ဟု ပြန်ပြော၏။ 3 ဧလိရှဲကလည်း “သင့်ဝန်းကျင်ရှိအိမ်နီးချင်းအားလုံးတို့ထံသို့သွား၍ အိုးငှားခဲ့ပါ။ အိုးလွတ်တို့ကိုရနိုင်သမျှ များများငှားခဲ့ပါ။ 4 ပြီးလျှင် သင်နှင့်သင့်သားတို့သည် အထဲသို့ဝင်၍ တံခါးကိုပိတ်ပြီး ထိုအိုးရှိသမျှထဲသို့ ဆီလောင်းထည့်ပါ။ ပြည့်သောအိုးများကို ဘေးဖယ်ထားပါ”ဟု ဆို၏။ 5 ထို့ကြောင့် သူသည် ဧလိရှဲထံမှပြန်သွား၍ သားတို့နှင့်အတူ တံခါးကိုအထဲမှပိတ်ကာ သူ့ထံယူလာပေးသောအိုးများထဲသို့ ဆီများကိုလောင်းထည့်၏။ 6 အိုးများပြည့်သွားသောအခါ သူက သားအား “နောက်ထပ်အိုးတစ်လုံးယူခဲ့ပါ”ဟုဆိုလျှင် သူ့သားက “အိုးမရှိတော့ပါ”ဟုပြောလိုက်သည်နှင့် ဆီများလည်း ရပ်သွားလေ၏။ 7 ထိုမိန်းမသည် ဘုရားသခင်၏လူထံသို့လာ၍ပြောပြသောအခါ သူက “ထိုဆီများကို သွားရောင်းပြီး အကြွေးများကို ဆပ်ပါ။ ကျန်ငွေကို သင်နှင့်သင့်သားတို့ အသက်မွေးဖို့ အသုံးပြုပါ”ဟု ဆို၏။ ဧည့်ဝတ်ကျေပွန်သောရှုနင်မြို့သူ 8 တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြို့သို့သွားရာ ထိုမြို့ရှိထင်ပေါ်သောအမျိုးသမီးတစ်ဦးက သူ့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်လေ၏။ နောင်တွင်လည်း ဧလိရှဲသည် ထိုမြို့သို့ရောက်လျှင် ထိုအမျိုးသမီးအိမ်သို့ဝင်၍ ရပ်နားစားသောက်လေ့ရှိ၏။ 9 ထိုအမျိုးသမီးက မိမိခင်ပွန်းအား “အကျွန်ုပ်တို့ထံ မကြာခဏဝင်ထွက်သွားလာသောဤသူသည် ဘုရားသခင်၏သန့်ရှင်းသောလူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ 10 ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။ ရှုနင်မြို့သူ သားဖွားခြင်း 11 တစ်နေ့တွင် ဧလိရှဲသည် ထိုအိမ်သို့ရောက်လာပြီး အထက်ခန်းသို့တက်သွား၍ လဲလျောင်းနေ၏။ 12 ထို့နောက် မိမိငယ်သားဂေဟာဇိအား “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟုဆို၏။ ဂေဟာဇိခေါ်လိုက်သဖြင့် ထိုအမျိုးသမီးသည် ဧလိရှဲရှေ့၌ ရပ်နေ၏။ 13 ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။ 14 တစ်ဖန် ဧလိရှဲက ဂေဟာဇိအား “သူ့ကို မည်သို့ပြုပေးသင့်သနည်း”ဟု မေးပြန်လျှင် ဂေဟာဇိက “သူ၌ သားမရှိပါ။ ခင်ပွန်းသည်လည်း အသက်ကြီးပါပြီ”ဟု ပြန်လျှောက်၏။ 15 ဧလိရှဲက “ထိုမိန်းမကို ခေါ်လိုက်ပါ”ဟု ဆိုသဖြင့် သူ့ကိုခေါ်၍ သူသည် တံခါးဝ၌ လာရပ်နေ၏။ 16 ထိုအခါ ဧလိရှဲက သူ့အား “နောက်နှစ် ဤအချိန်တွင် သင်သည် သားကို ချီပွေ့ရလိမ့်မည်”ဟု ဆိုလျှင် သူက “မဖြစ်နိုင်ပါ အကျွန်ုပ်၏သခင်။ အို ဘုရားသခင်၏လူ၊ အရှင့်အစေအပါးကို မလှည့်စားပါနှင့်”ဟု ပြန်လျှောက်၏။ 17 သို့သော် ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သူ့အား ဧလိရှဲဆိုသည့်အတိုင်း နောက်နှစ် ထိုရာသီရောက်သည့်အခါ သားယောက်ျားကို မွေးဖွားလေ၏။ ရှုနင်မြို့သူ၏သား အသက်ပြန်ရှင်လာခြင်း 18 သူငယ် ကြီးပြင်းလာသောအခါ တစ်နေ့တွင် သူသည် ကောက်ရိတ်သူများနှင့်အတူရှိနေသောဖခင်ထံသို့ လိုက်သွားပြီး 19 ဖခင်အား “ခေါင်းကိုက်၏။ ခေါင်းကိုက်၏”ဟု ဆိုသဖြင့် သူ့ဖခင်က ငယ်သားအား “သူ့မိခင်ထံ ချီသွားပါ”ဟု ဆို၏။ 20 ထို့ကြောင့် ငယ်သားက သူ့ကိုချီပြီး သူ့မိခင်ထံခေါ်သွားရာ သူငယ်သည် မိခင်၏ပေါင်ပေါ်တွင်ထိုင်လျက် မွန်းတည့်ချိန်ရောက်လျှင် သေဆုံးသွားလေ၏။ 21 ထိုအခါ သူငယ်၏မိခင်သည် အထက်ခန်းသို့တက်သွား၍သူငယ်ကို ဘုရားသခင့်လူ၏ခုတင်ပေါ်တွင် ချထားခဲ့ကာ တံခါးပိတ်ပြီး ပြန်ဆင်းသွား၏။ 22 ထို့နောက် မိမိခင်ပွန်းကိုခေါ်၍ “ငယ်သားတစ်ဦးနှင့် မြည်းတစ်ကောင်ကို အကျွန်ုပ်ထံ ပို့ပေးပါ။ အကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ အမြန်သွားပြီး ပြန်လာပါမည်”ဟု ဆို၏။ 23 ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။ 24 ထို့နောက် မြည်းကိုကုန်းနှီးတင်ပြီးလျှင် မိမိငယ်သားအား “မြည်းကိုနှင်ပါ။ ငါအမိန့်မပေးဘဲ အရှိန်မလျှော့ပါနှင့်”ဟု ဆို၏။ 25 ထိုသို့ သူထွက်သွား၍ ဘုရားသခင်၏လူရှိရာ ကရမေလတောင်ပေါ်သို့ ရောက်လာ၏။ ဘုရားသခင်၏လူသည် သူ့ကို အဝေးမှမြင်လျှင် ငယ်သားဂေဟာဇိအား “ကြည့်ပါ။ ရှုနင်မြို့သူ လာနေပါသည်တကား။ 26 ချက်ချင်း ပြေးသွားပြီး သူ့ကိုကြိုပါ။ ‘သင်ကျန်းမာပါ၏လော။ သင်၏ခင်ပွန်းသည် ကျန်းမာပါ၏လော။ သားလည်း ကျန်းမာပါ၏လော’ဟူ၍ မေးမြန်းနှုတ်ဆက်ပါ”ဟု ဆို၏။ ထိုအမျိုးသမီးကလည်း “ကျန်းမာပါ၏”ဟု ပြန်ပြောပြီး 27 တောင်ပေါ်ရှိဘုရားသခင်၏လူထံသို့ရောက်သည်နှင့် သူ့ခြေကိုဖက်ထားလေ၏။ ဂေဟာဇိသည် လာ၍သူ့ကိုတွန်းဖယ်မည်ပြုသောအခါ ဘုရားသခင်၏လူက “သူ့ကို လွှတ်ထားလိုက်ပါ။ သူစိတ်သောကရောက်နေ၏။ ထာဝရဘုရားသည် ငါ့အား မဖော်ပြဘဲ ထိန်ချန်ထားလေပြီ”ဟု ဆို၏။ 28 ထိုအမျိုးသမီးကလည်း “အကျွန်ုပ်သည် အရှင့်ထံ သားဆုကိုတောင်းခဲ့ပါသလော။ ‘အကျွန်ုပ်ကို မလှည့်စားပါနှင့်’ဟု အရှင့်ကို ဆိုခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။ 29 ထိုအခါ ဧလိရှဲက ဂေဟာဇိအား “သင့်ခါးကိုစည်း၍ ငါ့တောင်ဝှေးကိုယူပြီး ပြေးသွားလော့။ လမ်းတွင် တစ်ယောက်ယောက်နှင့်ဆုံလျှင် နှုတ်မဆက်နှင့်။ တစ်ယောက်ယောက်က သင့်ကိုနှုတ်ဆက်လျှင်လည်း ပြန်နှုတ်မဆက်နှင့်။ ငါ့တောင်ဝှေးကို သူငယ်မျက်နှာပေါ်တွင် တင်ထားလော့”ဟု မှာကြား၏။ 30 သို့သော် သူငယ်၏မိခင်က “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်သည် အရှင့်ကို လက်မလွှတ်ပါ”ဟု ဆိုသဖြင့် ဧလိရှဲသည် ထ၍သူနှင့်လိုက်သွားလေ၏။ 31 ဂေဟာဇိသည် သူတို့အလျင်သွားနှင့်ပြီး သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကိုတင်ထား၏။ သို့သော် သူငယ်ထံမှ မည်သည့်အသံမျှ မထွက်၊ မည်သည့်တုံ့ပြန်မှုမျှ မရှိ။ ထို့ကြောင့် ဂေဟာဇိက ဧလိရှဲကို ပြန်လာကြိုပြီး “သူငယ် မနိုးပါ”ဟု ဆို၏။ 32 အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။ 33 ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။ 34 ထို့နောက် သူငယ်ပေါ်တွင် နှုတ် နှုတ်ချင်း၊ မျက်လုံး မျက်လုံးချင်း၊ လက် လက်ချင်း ထပ်ပြီး လှဲအိပ်လေ၏။ ထိုသို့ သူငယ်ပေါ်တွင် ကိုယ်ကို မှောက်၍နေသောအခါ သူငယ်၏ကိုယ်မှာ နွေးလာ၏။ 35 ထို့နောက် ဧလိရှဲသည် ထ၍အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ တစ်ဖန် သူငယ်ပေါ် ပြန်၍မှောက်နေသောအခါ သူငယ်သည် ခုနစ်ကြိမ်နှာချေပြီး မျက်လုံးပွင့်လာ၏။ 36 ထိုအခါ ဧလိရှဲက ဂေဟာဇိကိုခေါ်၍ “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟု ဆိုသည့်အတိုင်း သူ့ကိုခေါ်၍ သူရောက်လာလျှင် ဧလိရှဲက သူ့အား “သင့်သားကို ချီယူသွားပါ”ဟု ဆို၏။ 37 ထိုအမျိုးသမီးသည် ဧလိရှဲခြေရင်းတွင် လာ၍ပျပ်ဝပ်ပြီးလျှင် သူ့သားကိုပွေ့ချီ၍ ထွက်သွားလေ၏။ သေစေနိုင်သောဟင်း 38 ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။ 39 ပရောဖက်တစ်ပါးက ဟင်းသီးဟင်းရွက်ခူးရန် လယ်တောသို့သွားသောအခါ ဘူးရိုင်းပင်ကိုတွေ့သဖြင့် ဘူးအရိုင်းသီးများကိုခူး၍ မိမိအဝတ်နှင့်အပြည့်ထုပ်ပြီး ပြန်လာခဲ့၏။ ထို့နောက် ထိုအသီးကို လှီးပြီး အိုးထဲထည့်ချက်သော်လည်း မည်သည့်အသီးဖြစ်သည်ကို သူတို့ မသိကြ။ 40 လူတို့စားဖို့ရန် ထိုဟင်းကို ခပ်ထည့်ပေး၍ စားကြသောအခါ လူတို့က “အို ဘုရားသခင်၏လူ၊ ထိုအိုးထဲမှဟင်းသည် သေစေနိုင်၏”ဟု အော်ပြောကြပြီး မစားဝံ့ဘဲနေလေ၏။ 41 ထိုအခါ ဧလိရှဲက “မုန့်ညက်အနည်းငယ် ယူခဲ့ပါ”ဟုဆိုပြီး အိုးထဲသို့ထည့်လိုက်၏။ ထို့နောက် “လူတို့စားဖို့ ခပ်ထည့်ပေးလော့”ဟု ဆိုလျှင် အိုးထဲမှဟင်းသည် ဘေးမဖြစ်စေတော့ချေ။ မုန့်ကိုပွားများစေခြင်း 42 ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။ 43 ထိုအခါ သူ၏ငယ်သားက “ဤမျှလောက်နှင့် လူအယောက်တစ်ရာကို မည်သို့ကျွေးနိုင်ပါမည်နည်း”ဟု မေးလျှင် ဧလိရှဲက “လူတို့စားဖို့ ပေးလော့။ ထာဝရဘုရားက ‘သူတို့စားဖို့လောက်သည့်အပြင် အကြွင်းအကျန်လည်း ရှိလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။ 44 ထို့ကြောင့် လူတို့အား ချကျွေးရာ သူတို့စားပြီးသောအခါ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း အကြွင်းအကျန်များလည်း ရှိသေး၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative