၄ ရာ 3 - မြန်မာ့စံမီသမ္မာကျမ်းအစ္စရေးဘုရင်ယဟောရံမင်းကြီး 1 ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်ယဟောရံ နန်းတက်၍ ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို တစ်ဆယ့်နှစ်နှစ်အုပ်စိုး၏။ 2 သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။ 3 သို့သော် အစ္စရေးလူမျိုးကို လမ်းမှားစေသော နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်မျိုးကို မစွန့်ဘဲ ပြုကျင့်ခဲ့၏။ မောဘဘုရင်က အစ္စရေးဘုရင်ကိုပုန်ကန်ခြင်း 4 မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။ 5 သို့သော် အာဟပ်မင်းကြီး အနိစ္စရောက်ပြီးနောက်တွင် မောဘဘုရင်သည် အစ္စရေးဘုရင်ကို ပုန်ကန်လေ၏။ 6 ထို့ကြောင့် တစ်နေ့တွင် ယဟောရံမင်းကြီးသည် ရှမာရိမြို့မှထွက်လာပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံး၏။ 7 ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။ 8 မည်သည့်လမ်းဖြင့် စစ်ချီမည်နည်း”ဟု မေးလျှင် ယဟောရံမင်းကြီးက “ဧဒုံတောကန္တာရလမ်းအတိုင်း စစ်ချီမည်”ဟု ပြန်ပြော၏။ 9 သို့ဖြစ်၍ အစ္စရေးဘုရင်သည် ယုဒဘုရင်၊ ဧဒုံဘုရင်တို့နှင့်ပေါင်း၍ စစ်ချီကြလေ၏။ ခုနစ်ရက်ပတ်လုံးကွေ့ပတ်ချီတက်လာကြရာ လိုက်ပါလာသောစစ်သည်များနှင့် တိရစ္ဆာန်တို့အဖို့ ရေမရှိသဖြင့် 10 အစ္စရေးဘုရင်က “အလို၊ ထာဝရဘုရားသည် ဤဘုရင်သုံးပါးကို မောဘဘုရင်လက်သို့အပ်ဖို့ ခေါ်ဆောင်လာပါသည်တကား”ဟု ဆိုလေ၏။ 11 ထိုအခါ ယောရှဖတ်မင်းကြီးက “ထာဝရဘုရားအား မေးလျှောက်ရန် ဤအရပ်တွင် ထာဝရဘုရား၏ပရောဖက်တစ်ပါးမျှမရှိသလော”ဟု မေးလျှင် အစ္စရေးဘုရင်၏အမှုထမ်းများထဲမှတစ်ဦးက “ရှာဖတ်၏သား ဧလိရှဲ ရှိပါ၏။ သူသည် ဧလိယ၏လက်ထောက်ဖြစ်ပါ၏”ဟု လျှောက်လျှင် 12 ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။ 13 ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။ 14 ဧလိရှဲကလည်း “ငါကိုးကွယ်သောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယုဒဘုရင်ယောရှဖတ်မင်းကြီး၏မျက်နှာကိုမထောက်လျှင် သင့်ကို ငါလှည့်ကြည့်မည်မဟုတ်၊ အရေးစိုက်မည်မဟုတ်။ 15 ယခု စောင်းသမားတစ်ယောက်ကို ငါ့ထံသို့ ခေါ်ခဲ့လော့”ဟု ဆို၏။ စောင်းသမားက စောင်းကိုတီးလိုက်သောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲထံ သက်ရောက်လာပြီး 16 သူက “ ‘ဤချိုင့်ဝှမ်းတွင် မြောင်းများကို တူးကြလော့’ဟု ထာဝရဘုရားမိန့်တော်မူပြီ။ 17 တစ်ဖန် ထာဝရဘုရားက ‘လေမတိုက်၊ မိုးမရွာဘဲ ဤချိုင့်ဝှမ်းတွင် ရေပြည့်နေလိမ့်မည်ဖြစ်၍ သင်တို့နှင့် သင်တို့၏သိုးနွားတိရစ္ဆာန်များပါ ရေသောက်ရလိမ့်မည်’ဟု မိန့်တော်မူပြီ။ 18 ဤအမှုသည် ထာဝရဘုရားအဖို့ သေးငယ်သောအမှုသာဖြစ်၏။ မောဘလူမျိုးကိုလည်း သင်တို့လက်သို့ အပ်တော်မူလိမ့်မည်။ 19 သင်တို့သည် သူတို့၏ခံတပ်မြို့အားလုံး၊ အထင်ကရမြို့အားလုံးကို ချေမှုန်းနိုင်လိမ့်မည်။ ကောင်းသောအပင်အားလုံးကို ခုတ်လှဲပစ်ရလိမ့်မည်။ စမ်းရေပေါက်အားလုံးကို ပိတ်ဆို့ရလိမ့်မည်၊ ကောင်းသောမြေအားလုံးကိုလည်း ကျောက်တုံးများဖြင့် ဖျက်ဆီးရလိမ့်မည်”ဟု ဆင့်ဆိုလေ၏။ 20 နံနက်ယဇ်ပူဇော်ချိန်ရောက်သောအခါ ဧဒုံလမ်းများမှ ရေများစီးဆင်းလျက်ရှိပြီး ဧဒုံပြည်တစ်ပြည်လုံးသည် ရေများနှင့်ပြည့်လေ၏။ 21 မောဘလူမျိုးအပေါင်းတို့က သူတို့ကိုတိုက်ခိုက်ရန် ရှင်ဘုရင်များစစ်ချီလာနေကြောင်းကို ကြားသိလျှင် လက်နက်ကိုင်နိုင်သောအရွယ်နှင့်အထက် ရှိသမျှလူတို့ကို ခေါ်၍ နယ်စပ်တွင် တပ်စွဲထားကြ၏။ 22 နံနက်စောစောထသောအခါ ရေကိုနေထိုးသဖြင့် မောဘလူမျိုးတို့ဘက်မှကြည့်လျှင် ရေသည်သွေးရောင်ကဲ့သို့နီရဲနေ၏။ 23 ထို့ကြောင့် သူတို့က “ဤကား သွေးများပင်တည်း။ ရှင်ဘုရင်တို့သည် တစ်ဦးကိုတစ်ဦးအချင်းချင်းပြန်လည်တိုက်ခိုက်သတ်ဖြတ်ကြပြီ။ မောဘလူမျိုးတို့၊ ဥစ္စာပစ္စည်းများ သွားလုယူကြစို့”ဟု ဆိုလျက် 24 အစ္စရေးတပ်စခန်းသို့ ဝင်သွားကြ၏။ ထိုအခါ အစ္စရေးတပ်သားတို့သည် ထ၍တိုက်ခိုက်သဖြင့် မောဘလူမျိုးတို့ ထွက်ပြေးကြရာ မောဘပြည်အထိ သူတို့ကို လိုက်၍တိုက်ခိုက်သတ်ဖြတ်လေ၏။ 25 မြို့တို့ကို ဖြိုဖျက်ပြီး ကောင်းသောလယ်မြေအားလုံးတွင်လည်း ကျောက်တုံးများအပြည့် ပစ်ချထားကြ၏။ ကိရဟရက်မြို့၌ ကျောက်တုံးများသာကျန်တော့သည်အထိ စမ်းရေပေါက်အားလုံးကိုလည်း ပိတ်ဆို့ပစ်ပြီး ကောင်းသောအပင်အားလုံးကိုလည်း ခုတ်လှဲပစ်ကြ၏။ လောက်လွှဲတပ်သားတို့ကလည်း ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ 26 မောဘဘုရင်သည် တိုက်ပွဲပြင်းထန်ကြောင်းကို ရိပ်မိလျှင် ဓားကိုင်တပ်သားအယောက်ခုနစ်ရာကို ခေါ်၍ ဧဒုံဘုရင်၏တပ်ကို ထိုးဖောက်၏။ သို့သော် မထိုးဖောက်နိုင်ကြ။ 27 ထိုအခါ မိမိအရိုက်အရာကိုဆက်ခံမည့်သားဦးအား ယူ၍ မြို့ရိုးပေါ်တွင် ယဇ်ပူဇော်လေ၏။ အစ္စရေးလူမျိုးတို့သည် အမျက်ဒဏ်ကြီးစွာခံရသဖြင့် တပ်ကိုဆုတ်ခွာပြီး မိမိတို့ပြည်သို့ ပြန်သွားကြလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative