၄ ရာ 1 - မြန်မာ့စံမီသမ္မာကျမ်းအာခဇိမင်းကြီးနာမကျန်းဖြစ်၍ အနိစ္စရောက်ခြင်း 1 အာဟပ်မင်းကြီး အနိစ္စရောက်သွားသောအခါ မောဘလူမျိုးသည် အစ္စရေးလူမျိုးကို ပုန်ကန်၏။ 2 ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။ 3 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က တိရှဘိမြို့သားဧလိယအား “ထလော့။ ရှမာရိဘုရင်၏တမန်တို့နှင့်သွားတွေ့ပြီး သူတို့အား ‘ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော’ဟု ပြောလော့။ 4 ထို့ကြောင့် ထာဝရဘုရားက ‘သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ သူ့အား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွားလေ၏။ 5 တမန်တို့သည်လည်း ပြန်လှည့်လာကြသဖြင့် ရှင်ဘုရင်က “သင်တို့ အဘယ်ကြောင့် ပြန်လာကြသနည်း”ဟု မေးတော်မူ၏။ 6 တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။ 7 ရှင်ဘုရင်ကလည်း “သင်တို့နှင့်လာတွေ့ပြီး ဤသို့ပြောဆိုသောသူကား မည်သို့သောသူနည်း”ဟု မေး၏။ 8 သူတို့ကလည်း “သူသည် အမွေးထူ၍ ခါး၌ သားရေခါးပတ်ကို ပတ်ထားပါ၏”ဟု ပြန်လျှောက်ကြလျှင် ရှင်ဘုရင်က “သူသည် တိရှဘိမြို့သား ဧလိယ ဖြစ်၏”ဟု မိန့်ဆို၏။ 9 ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။ 10 ထိုအခါ ဧလိယက တပ်သားငါးဆယ်အုပ်တပ်မှူးအား “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျပြီး သင်နှင့် သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းလေ၏။ 11 ရှင်ဘုရင်ကလည်း နောက်ထပ် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ တပ်မှူးက “အို ဘုရားသခင်၏လူ၊ ‘မြန်မြန်ဆင်းလာခဲ့ပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။ 12 ဧလိယကလည်း “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျလာပြီး သင်နှင့်သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းပြန်၏။ 13 ရှင်ဘုရင်ကလည်း နောက်တစ်ဖန် တတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ ထိုတတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူး ရောက်လာလျှင် ဧလိယရှေ့တွင် ဒူးထောက်လျက် “အို ဘုရားသခင်၏လူ၊ အကျွန်ုပ်အသက်နှင့် အရှင့်အစေအပါး ဤတပ်သားငါးဆယ်တို့၏အသက်ကို နှမြောတော်မူပါ။ 14 ယခင်က ကောင်းကင်မှမီးကျလာပြီး တပ်သားငါးဆယ်အုပ်တပ်မှူးနှစ်ဦးနှင့် သူတို့၏တပ်သားအယောက်ငါးဆယ်စီတို့ကို လောင်ကျွမ်းခဲ့ပါပြီ။ ယခုမှာ အကျွန်ုပ်အသက်ကို နှမြောတော်မူပါ”ဟု အသနားခံလေ၏။ 15 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဧလိယအား “သူနှင့်လိုက်သွားလော့။ သူ့ကို မကြောက်နှင့်”ဟု ဆိုသဖြင့် ဧလိယလည်း ထ၍ ထိုသူနှင့်အတူ ရှင်ဘုရင်ထံသို့ လိုက်သွားလေ၏။ 16 ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။ 17 ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။ 18 ကျန်ရှိနေသော အာခဇိမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative