ဧသတာ 9 - မြန်မာ့စံမီသမ္မာကျမ်းဂျူးလူမျိုးတို့၏အောင်ပွဲ 1 ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။ 2 အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။ 3 နယ်မြေဒေသအသီးသီးရှိ အကြီးအကဲများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် ဘုရင့်အမှုထမ်းအပေါင်းတို့သည် မော်ဒကဲကိုကြောက်ရွံ့ကြသဖြင့် ဂျူးလူမျိုးတို့ကို ကူညီကြ၏။ 4 အကြောင်းမူကား မော်ဒကဲသည် ဘုရင့်နန်းတော်တွင် တန်ခိုးဩဇာကြီးမား၍ သူ၏ဂုဏ်သတင်းသည်လည်း နယ်မြေဒေသတစ်ဝန်းလုံးသို့ ပျံ့နှံ့သဖြင့် မော်ဒကဲ၏တန်ခိုးဩဇာသည်လည်း ပို၍ပို၍ကြီးလာလေ၏။ 5 ဂျူးလူမျိုးတို့သည် သူတို့၏ရန်သူအားလုံးကိုဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်၏။ သူတို့ကိုမုန်းသောသူတို့အား စိတ်တိုင်းကျပြုကြ၏။ 6 ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာကို သတ်ဖြတ်ဖျက်ဆီးပစ်ကြ၏။ 7 ထို့ပြင် ပါရှန်ဒါသ၊ ဒါလဖုန်၊ အာသပါသ၊ 8 ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ 9 ပါမရှာတ၊ အရိသဲ၊ အရိဒဲနှင့် ဝါယေဇာသ စသော 10 ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။ 11 ထိုနေ့၌ ရှုရှန်နန်းတော်တွင် အသတ်ခံရသောသူများ၏စာရင်းကို ရှင်ဘုရင်ထံတင်ပြကြ၏။ 12 ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။ 13 ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် ယနေ့အမိန့်စာအတိုင်း ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ ပြုသကဲ့သို့ နက်ဖြန်နေ့၌လည်း ပြုခွင့်ပေးတော်မူပါ။ ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သစ်တိုင်၌ ဆွဲထားခွင့်ပြုတော်မူပါ”ဟု လျှောက်တင်၏။ 14 ရှင်ဘုရင်သည်လည်း ထိုသို့ပြုရန်အမိန့်ပေးလိုက်၏။ ထိုအမိန့်ကို ရှုရှန်မြို့၌ထုတ်ပြန်ကြေညာပြီး ဟာမန်၏သားဆယ်ယောက်တို့ကို သစ်တိုင်၌ ဆွဲထားကြ၏။ 15 အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။ 16 ဘုရင့်နယ်မြေအတွင်းရှိ ကျန်ဂျူးလူမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စုရုံးကြ၍ သူတို့ကို မုန်းသောသူခုနစ်သောင်းငါးထောင်ကို သုတ်သင်ပစ်ပြီး ရန်သူ့လက်မှလွတ်မြောက်ခွင့်ရကြ၏။ သို့သော် ရန်သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။ 17 ထိုနေ့သည် အာဒါလ၊ တစ်ဆယ့်သုံးရက်နေ့ ဖြစ်၏။ တစ်ဆယ့်လေးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။ 18 ရှုရှန်မြို့ရှိဂျူးလူမျိုးတို့မူကား တစ်ဆယ့်သုံးရက်၊ တစ်ဆယ့်လေးရက်တို့တွင် စုရုံးကြပြီး တစ်ဆယ့်ငါးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။ 19 ကျေးလက်တောရွာများတွင် နေထိုင်သောဂျူးလူမျိုးတောသူတောင်သားတို့မူကား အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပကာ ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အိမ်နီးချင်းတစ်ဦးနှင့်တစ်ဦးစားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှကြ၏။ 20 မော်ဒကဲသည် ထိုအဖြစ်အပျက်တို့ကို မှတ်တမ်းတင်ထား၏။ ထို့ပြင် အာရွှေရုမင်းကြီးပိုင်နယ်မြေတစ်ဝန်းလုံး ရပ်နီးရပ်ဝေးရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ စာရေးပေးပို့လိုက်၏။ 21 ထိုစာတွင် နှစ်စဉ်နှစ်တိုင်း အာဒါလ၊ တစ်ဆယ့်လေးရက်နေ့နှင့် တစ်ဆယ့်ငါးရက်နေ့တွင် ပွဲတော်ကျင်းပရန် ပြဋ္ဌာန်းထား၏။ 22 ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။ 23 ထိုသို့ ဂျူးလူမျိုးတို့ စတင်ကျင်းပသည့်ပွဲနှင့်ပတ်သက်၍ မော်ဒကဲရေးသားထားသည့်အတိုင်း ဆက်လက်ကျင်းပရန် သဘောတူကြ၏။ 24 အကြောင်းမူကား ဂျူးတစ်မျိုးသားလုံး၏ရန်သူ အာဂတ်လူမျိုး ဟမ္မေဒါသ၏သားဟာမန်သည် ဂျူးလူမျိုးတို့ကိုဖျက်ဆီးရန် ကြံစည်ခဲ့၏။ ဂျူးတစ်မျိုးသားလုံး ပျောက်ကွယ်သွားအောင် ဖျက်ဆီးရမည့်နေ့ရက်ကို ပုရမဲချဆုံးဖြတ်ခဲ့၏။ 25 သို့သော် ထိုသတင်း ဘုရင့်ထံပေါက်ကြားသောအခါ ရှင်ဘုရင်က ဂျူးလူမျိုးတို့အား ဖျက်ဆီးရန်ကြံစည်သော ဟာမန်၏ယုတ်မာသောအကြံအစည်ကို သူ့ခေါင်းပေါ်ပြန်ရောက်စေမည်ဟူ၍လည်းကောင်း၊ သူနှင့်သူ့သားများကို သစ်တိုင်၌ ဆွဲထားရမည်ဟူ၍လည်းကောင်း အမိန့်စာထုတ်ပြန်၏။ 26 ဂျူးလူမျိုးတို့သည် ပုရဟူသောအမည်ကိုအစွဲပြု၍ ထိုနေ့ရက်တို့ကို ပုရိမ်ဟုခေါ်ဝေါ်ကြ၏။ အမိန့်စာတွင်ပါသောအကြောင်းအရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့သိမြင်ခဲ့ရသော ဤအဖြစ်အပျက်များကြောင့် 27 ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။ 28 ဤပွဲနေ့များကို မြို့ရွာတိုင်း၊ ဒေသတိုင်းရှိ မျိုးနွယ်စုအားလုံး၊ မျိုးဆက်အားလုံး အစဉ်အမှတ်ရ၍ကျင်းပရမည်။ ဤပုရိမ်ပွဲနေ့တို့သည် ဂျူးလူမျိုးတို့တွင် မပပျောက်စေရ။ ဤအမှတ်ရစရာသည် သူတို့၏သားစဉ်မြေးဆက်တိုင်အောင် မပျောက်ပျက်သွားစေရ။ 29 ထို့နောက် အဘိဟဲလ၏သမီး မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲတို့သည် ပုရိမ်ပွဲနေ့ဆိုင်ရာ ဤဒုတိယစာကို အမိန့်အာဏာအပြည့်နှင့် အတည်ပြုရေးသားပြီးလျှင် 30 မော်ဒကဲသည် အာရွှေရုမင်းကြီးပိုင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ မေတ္တာစကားနှင့် သစ္စာစကားဖြင့် စာပေးပို့လိုက်၏။ 31 ထိုစာသည် ဂျူးလူမျိုးမော်ဒကဲနှင့်မိဖုရားဧသတာတို့ သတ်မှတ်ပေးထားသည့်အတိုင်း၊ သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အတွက် ဤနေ့ကို အစာရှောင်မြည်တမ်းရာနေ့အဖြစ် သတ်မှတ်ပေးထားသည့်အတိုင်း ပုရိမ်ပွဲနေ့ကို သတ်မှတ်အတည်ပြုပေးသောစာဖြစ်၏။ 32 ဤပုရိမ်ပွဲနေ့ဆိုင်ရာအကြောင်းအရာများကို ဧသတာ၏အမိန့်အရ အတည်ပြု၍ မှတ်တမ်းတွင် ရေးမှတ်ထားလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative