Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဟေ​ရှာ​ယ 24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


မြေကြီးသားတို့ကိုစီရင်ခြင်း

1 ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို ဟင်းလင်းပြင်​ဖြစ်​စေ​တော်မူ​မည်​။ လူသူကင်းမဲ့​ရာ​ဖြစ်​စေ​တော်မူ​မည်​။ မြေ​မျက်နှာပြင်​ကို တွန့်လိမ်​စေ​တော်မူ​မည်​။ မြေကြီးသား​တို့​ကို ကွဲလွင့်​စေ​တော်မူ​မည်​။

2 ထိုအခါ ယဇ်ပုရောဟိတ်​သည် လူ​ကဲ့သို့​၊ သခင်​သည် ကျွန်ယောက်ျား​ကဲ့သို့​၊ သခင်မ​သည် ကျွန်မိန်းမ​ကဲ့သို့​၊ ရောင်း​သူ​သည် ဝယ်​သူ​ကဲ့သို့​၊ မြီရှင်​သည် မြီစား​ကဲ့သို့​၊ အတိုးစား​သူ​သည် အတိုးဆပ်​သူ​ကဲ့သို့ ဖြစ်​လိမ့်မည်​။

3 ကမ္ဘာမြေကြီး​သည် အမှန်ပင် ဟင်းလင်းပြင် ဖြစ်​လိမ့်မည်​။ အကုန်အစင်​လုယူ​ခံရ​မည်​။ ဤ​စကား​ကို ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။

4 ကမ္ဘာမြေကြီး​သည် ငိုကြွေးမြည်တမ်း​၍ ညှိုးနွမ်း​၏​။ ကမ္ဘာလောက​သည် အားလျော့​ချည့်နဲ့​၏​။ ဂုဏ်မြင့်​သူမြေကြီးသား​တို့​သည် အားလျော့​ကြ​၏​။

5 ကမ္ဘာမြေကြီး​သည် မြေကြီးသား​တို့​ကြောင့် ညစ်ညူး​လေ​ပြီ​။ အကြောင်းမူကား သူ​တို့​သည် ပညတ်တရား​များ​ကို ကျူးလွန်​ကြ​၏​။ ပြဋ္ဌာန်းချက်​ကို ဖောက်ဖျက်​ကြ​၏​။ ထာဝရ​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​၏​။

6 ထို့ကြောင့် ကျိန်​ခြင်း​သည် ကမ္ဘာမြေကြီး​ကို လောင်ကျွမ်း​လေ​ပြီ​။ မြေကြီးသား​တို့​အပေါ် အပြစ်​သက်ရောက်​လေ​ပြီ​။ မြေကြီးသား​တို့​ကို အမျက်မီး​လောင်ကျွမ်း​၍ လူ​အနည်းငယ်​သာ ကြွင်းကျန်​၏​။

7 စပျစ်ဝိုင်​အသစ်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီ​။ စပျစ်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​သွား​ပြီ​။ စိတ်နှလုံး​ဝမ်းမြောက်​ခဲ့​သော​သူ​အပေါင်း​တို့​သည်​လည်း ညည်းတွား​ကြ​ရ​လေ​ပြီ​။

8 ပတ်သာ​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။ သောက်စားပျော်ပါး​သော​သူ​တို့​၏​အသံ​သည် ရပ်တန့်​လေ​ပြီ​။ စောင်း​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။

9 သီချင်းသံ​နှင့်အတူ စပျစ်ဝိုင်​သောက်​သော​သူ မ​ရှိ​တော့​ပေ​။ သေရည်သေရက်​သည် သောက်​သော​သူ​တို့​အတွက် ခါးသီး​လေ​ပြီ​။

10 ဖရိုဖရဲ​ဖြစ်​နေ​သော​မြို့​သည် ပြိုပျက်​လေ​ပြီ​။ လူ​တို့​မ​ဝင်​နိုင်​အောင် အိမ်​တိုင်း​ပိတ်​ထား​ကြ​ပြီ​။

11 စပျစ်ဝိုင်​ပြတ်​သောကြောင့် လမ်း​များ​ပေါ်တွင် အော်ဟစ်တောင့်တ​ကြ​၏​။ ဝမ်းမြောက်​ခြင်း​ရှိသမျှ​တို့​သည် ချုပ်ငြိမ်း​သွား​လေ​ပြီ​။ ကမ္ဘာမြေ​ပေါ်ရှိ ပျော်ရွှင်​ခြင်း​သည် ပျောက်ကွယ်​လေ​ပြီ​။

12 မြို့​ထဲ၌ လူသူကင်းမဲ့​ကျန်​ခဲ့​ပြီ​။ မြို့​တံခါး​သည်​လည်း ရိုက်ချိုး​ခံရ​၍ ပျက်စီး​လေ​ပြီ​။

13 သံလွင်သီး​ကို​ရိုက်ခြွေ​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း​၊ စပျစ်သီး​ဆွတ်ခူး​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ကမ္ဘာမြေကြီး​အလယ်​ရှိ တိုင်းနိုင်ငံ​တို့​တွင် ထိုသို့ ဧကန်အမှန်​ဖြစ်​လိမ့်မည်​။

14 သူ​တို့​သည် အသံ​ကို​လွှင့်​၍ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းတန်ခိုး​ကြီးမြတ်​တော်မူ​ကြောင်း​ကို အနောက်​အရပ်​မှ ကြွေးကြော်​ကြ​လိမ့်မည်​။

15 ထို့ကြောင့် အရှေ့​အရပ်​၌​လည်း ထာဝရဘုရား​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​၌​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။

16 “​ဖြောင့်မတ်​တော်မူ​သော​အရှင်​သည် ဘုန်းကြီး​စေ​သတည်း​”​ဟူသော ချီးမွမ်းသီချင်း​ကို ကမ္ဘာမြေကြီး​စွန်း​မှ ငါ​တို့​ကြား​ရ​၏​။ သို့သော် “​ငါ ချုံးချုံးကျ​သွား​ပြီ​။ ငါ ချုံးချုံးကျ​သွား​ပြီ​။ ငါ​၌ အမင်္ဂလာ​ရှိ​၏​။ သစ္စာမဲ့​သော​သူ​တို့​သည် သစ္စာမဲ့​စွာ​ပြု​ကြ​ပြီ​။ သစ္စာမဲ့​သော​သူ​တို့​သည် သစ္စာမဲ့​စွာ​ပြု​ကြ​ပြီ​”​ဟု ငါ​ဆို​၏​။

17 အို မြေကြီးသား​တို့​၊ သင်​သည် ကြောက်မက်ဖွယ်ဘေး​၊ မြေတွင်း​၊ ကျော့ကွင်း​ထဲသို့ ကျရောက်​လေ​ပြီ​။

18 ကောင်းကင်​ပြတင်းပေါက်​တို့​သည်​ပွင့်​၍ မြေကြီး​အုတ်မြစ်​တို့​သည် တုန်ခါ​လေ​ပြီ​။ ကြောက်မက်ဖွယ်​ရာ​အသံ​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့​ကျ​လိမ့်မည်​။ မြေတွင်း​ထဲ​မှ​တက်လာ​သော​သူ​သည် ကျော့ကွင်း​၌​မိ​လိမ့်မည်​။

19 ကမ္ဘာမြေကြီး​သည် အစိတ်စိတ်အမွှာမွှာ​ကွဲ​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် လုံးလုံး​ကွဲအက်​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် သွက်သွက်​ခါလှုပ်​လေ​ပြီ​။

20 ကမ္ဘာမြေကြီး​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ယိမ်းထိုး​နေ​၏​။ ပုခက်​ကဲ့သို့​ခါယမ်း​နေ​၏​။ ကမ္ဘာမြေကြီး​ကျူးလွန်​သော​အပြစ်​သည် လေးလံ​သဖြင့် လဲကျ​သွား​၍ ပြန်​ထ​နိုင်​တော့​မည်​မ​ဟုတ်​။

21 ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ကောင်းကင်​ဗိုလ်ခြေ​တို့​ကို ကောင်းကင်​၌​လည်းကောင်း​၊ မြေကြီး​ဘုရင်​တို့​ကို မြေကြီး​ပေါ်၌​လည်းကောင်း ဒဏ်ခတ်​တော်မူ​မည်​။

22 အကျဉ်းသား​များ​ကို တွင်း​ထဲ၌ တစ်စုတည်း​စုထည့်​ထား​သကဲ့သို့ သူ​တို့​သည် ထောင်​ထဲ၌ ချုပ်နှောင်​ထား​ခြင်း​ခံရ​မည်​။ နေ့ရက်​များစွာ​ကုန်လွန်​ပြီးမှ ဒဏ်ခတ်​ခြင်း​ခံရ​မည်​။

23 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ် ဂျေရုဆလင်​မြို့​၌​စိုးစံ​လျက် မိမိ​၏​သက်ကြီးဝါကြီး​များ​ရှေ့​တွင် ဘုန်းအသရေ​ထွန်းတောက်​တော်မူ​မည်​ဖြစ်၍ လ​သည် မျက်နှာပျက်​၍ နေ​သည်​လည်း အရှက်ကွဲ​လိမ့်မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ