Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သူ​ကြီး 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


အစ္စရေးလူမျိုးကို ထာဝရဘုရားစမ်းသပ်ခြင်း

1 ခါနာန်​ပြည်​စစ်ပွဲ​တွင် မ​ပါဝင်​ဖူး​သော​အစ္စရေး​လူမျိုး​များ​ကို စမ်းသပ်​ရန် ထာဝရဘုရား ချန်ထား​တော်မူ​သော လူမျိုး​များ​မှာ

2 (​ဤသည်ကား စစ်ပွဲ​အတွေ့အကြုံ​မ​ရှိ​သေး​သော အစ္စရေး​လူမျိုး မျိုးဆက်သစ်​များ စစ်မှုရေးရာ သင်ယူ​စေရန်​ဖြစ်​၏​။​)

3 ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။

4 ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။

5 အစ္စရေး​အမျိုးသား​တို့​သည် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​၍

6 သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။


ပထမတရားသူကြီး သြသံယေလ

7 ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်

8 ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​လက်​သို့ ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို ရှစ်​နှစ်​အစေခံ​ရ​လေ​၏​။

9 သို့သော် အစ္စရေး​အမျိုးသား​တို့ ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ကယ်တင်​မည့်​ကယ်တင်ရှင်​တစ်ဦး​ကို အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​တော်မူ​၏​။ ထို​သူ​ကား ကာလက်​၏​တူ​၊ ကေနတ်​၏​သား ဩသံယေလ​ပေတည်း​။

10 ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။

11 တိုင်းပြည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ငြိမ်းချမ်း​လေ​၏​။ ထို့နောက်မှ ကေနတ်​၏​သား ဩသံယေလ သေဆုံး​၏​။


ဧဟုဒ

12 တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထိုသို့ ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​သောကြောင့် ထာဝရဘုရား​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို အစ္စရေး​လူမျိုး​တို့​ထက် အားကြီး​စေ​တော်မူ​၏​။

13 ဧဂလုန်​မင်းကြီး​သည် အမ္မုန်​အမျိုးသား​၊ အာမလက်​အမျိုးသား​တို့​ကို စုရုံး​၍ အစ္စရေး​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​ပြီး စွန်ပလွံ​မြို့​ကို သိမ်းပိုက်​ကြ​၏​။

14 အစ္စရေး​အမျိုးသား​တို့​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို တစ်ဆယ့်​ရှစ်​နှစ် အစေခံ​ရ​၏​။

15 ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ပြန်​သဖြင့် ထာဝရဘုရား​က ဗင်္ယာမိန်​အမျိုး​၊ ဂေရ​၏​သား လက်ဝဲ​လက်​အားသန်​သူ​ဧဟုဒ​ကို ကယ်တင်သူ​အဖြစ် ပေါ်ထွန်း​စေ​ပြန်​၏​။ တစ်ခါတွင် အစ္စရေး​အမျိုးသား​တို့​သည် ဧဟုဒ​မှတစ်ဆင့် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​ဆက်သ​စေ​၏​။

16 ဧဟုဒ​သည် အသွား​နှစ်​ဖက်​ပါ​၍ အလျား​တစ်တောင်​ခန့်​ရှည်​သော​သန်လျက်​ကို ပြုလုပ်​ပြီးလျှင် ယာဘက်​ပေါင်​၊ အဝတ်​အောက်​တွင် ဝှက်​ထား​၍

17 မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​သွားရောက်​ဆက်သ​လေ​၏​။ ဧဂလုန်​မင်းကြီး​သည် အလွန်​ဝ​သော​သူ​ဖြစ်​၏​။

18 ဧဟုဒ​သည် လက်ဆောင်​ကို​ဆက်သ​၏​။ ထို့နောက် လက်ဆောင်​သယ်လာ​သော​သူ​တို့​ကို ပြန်လွှတ်​လိုက်​၍

19 သူ​မူကား ဂိလဂါလ​အရပ်​ရှိ ရုပ်တု​များ​ရှိ​ရာ​သို့ ရောက်​ပြီးမှ ပြန်လှည့်​လာ​၍ “​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အား လျှို့ဝှက်​သတင်း ပြောစရာ​ရှိ​ပါ​၏​”​ဟု ဆို​လျှင် ဧဂလုန်​မင်းကြီး​က မိမိ​လူ​တို့​အား “​တိတ်တိတ်နေ​ကြ​”​ဟု ဆို​သဖြင့် သူ့​ထံ၌ ခစား​သော​သူ​အားလုံး ထွက်သွား​ကြ​၏​။

20 ထို့နောက် လေသာနန်းဆောင်​ထဲတွင် ဧဂလုန်​မင်းကြီး​တစ်ယောက်တည်း​ထိုင်​နေစဉ် ဧဟုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​ဘုရားသခင်​၏​အမိန့်​တော်​ကို ဆင့်ဆို​ရန်​ရှိ​ပါ​သည်​”​ဟု ဆို​သဖြင့် ဧဂလုန်​မင်းကြီး​သည် ထိုင်​ရာ​မှ ထ​လိုက်​သောအခါ

21 ဧဟုဒ​လည်း လက်ဝဲ​လက်​ကို​ဆန့်​၍ ယာဘက်​ပေါင်​၌​ဝှက်​ထား​သော​သန်လျက်​ကို ဆွဲထုတ်​ကာ ဧဂလုန်​မင်းကြီး​၏​ဝမ်းဗိုက်​ကို ထိုး​လေ​၏​။

22 သန်လျက်​အရိုး​ပါ မင်းကြီး​၏​ဗိုက်​ထဲ​မြှုပ်ဝင်​သွား​၏​။ သန်လျက်​ကို မ​ဆွဲထုတ်​ဘဲ​နေ​သဖြင့် မင်းကြီး​၏​ဗိုက်​ထဲမှ​အဆီ​များ​သည် သန်လျက်​၌​ကပ်​နေ​၍ မစင်​များ​လည်း ထွက်ကျ​လေ​၏​။

23 ထို့နောက် ဧဟုဒ​သည် အခန်းပြင်​သို့​ထွက်လာ​ပြီး လေသာနန်းဆောင်​တံခါး​ကို သော့ခတ်​ပိတ်​ထား​လေ​၏​။

24 ဧဟုဒ​ထွက်သွား​ပြီးနောက် ဧဂလုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည် လေသာနန်းဆောင်​တံခါး​သော့ခတ်​ထား​သည်​ကို မြင်​လျှင် “​မင်းကြီး​သည် လေသာနန်းဆောင်​တွင် ကျင်ကြီးစွန့်​နေ​သည်​”​ဟု ဆို​ကြ​၏​။

25 သူ​တို့​သည် အချိန်ကြာမြင့်​စွာ​စောင့်​နေ​သော်လည်း လေသာနန်းဆောင်​တံခါး ပွင့်​မ​လာ​သောကြောင့် သော့​ယူ​၍​ဖွင့်ကြည့်​လိုက်​သောအခါ သူ​တို့​အရှင်​သည် ကြမ်း​ပေါ်တွင်​လဲကျ​သေဆုံး​နေ​သည်​ကို တွေ့​ရ​လေ​၏​။

26 မင်းမှုထမ်း​တို့ စောင့်​နေ​ကြ​စဉ်တွင် ဧဟုဒ​သည် ရုပ်တု​များ​ကို ကျော်လွန်​၍ စိရပ်​အရပ်​သို့​ပင် ထွက်ပြေး​လွတ်မြောက်​သွား​လေ​ပြီ​။

27 ဧဖရိမ်​တောင်​ပေါ်သို့​ရောက်​သောအခါ တံပိုး​ကို​မှုတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း တောင်​ပေါ်မှ​ဆင်းလာ​၍ သူ​က​ဦးဆောင်​လျက်

28 “​ငါ့​နောက် လိုက်​ကြ​လော့​။ ထာဝရဘုရား​သည် သင်​တို့​၏​ရန်သူ​မောဘ​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ဧဟုဒ​နောက်သို့​လိုက်​၍ မောဘ​ပြည်​သို့​ကူး​သော ဂျော်ဒန်​မြစ်​ရေတိမ်​ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး မည်သူ့​ကို​မျှ ဖြတ်ကူးခွင့်​မ​ပြု​ကြ​ပေ​။

29 ထို​နေ့​တွင် ခွန်အားကြီး​၍ ရဲစွမ်းသတ္တိရှိ​သော​မောဘ​စစ်သူရဲ​တို့​ကို တစ်​ယောက်​မျှ​အလွတ်​မ​ပေး​ဘဲ လူ​တစ်သောင်း​ခန့်​ကို သတ်​လေ​၏​။

30 ထို​နေ့​တွင် မောဘ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သွား​ပြီး ပြည်​သည် အနှစ်​ရှစ်ဆယ် ငြိမ်းချမ်း​လေ​၏​။


ရှံဂါ

31 ဧဟုဒ​နောက်တွင် အာနတ်​၏​သား ရှံဂါ​ပေါ်ထွန်း​၍ သူ​သည် ဖိလိတ္တိ​လူမျိုး​ခြောက်​ရာ​ကို နွား​နှင်တံ​ဖြင့် သတ်​၍ အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ခဲ့​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ