သုတ္တံကျမ်း။ 9 - မြန်မာ့စံမီသမ္မာကျမ်းဉာဏ်ပညာ၏လမ်းစဉ် 1 ဉာဏ်ပညာသည် မိမိအိမ်ကို တည်ဆောက်လေပြီ။ တိုင်ခုနစ်တိုင်ကိုစိုက်ထူလေပြီ။ 2 မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။ 3 မိမိအစေခံမိန်းကလေးများကိုစေလွှတ်ပြီး မြို့၏အမြင့်ဆုံးနေရာများမှနေ၍ 4 “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း 5 “လာလော့။ ငါ့မုန့်ကိုစား၍ ငါရောစပ်ထားသောစပျစ်ဝိုင်ကို သောက်လော့။ 6 အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။ 7 ပြက်ရယ်ပြုတတ်သောသူကို ပဲ့ပြင်သောသူသည် အရှက်ခွဲခြင်းကိုခံရ၍ ဆိုးယုတ်သောသူကို ဆုံးမသောသူသည် ကိုယ်တိုင် အနာတရဖြစ်လိမ့်မည်။ 8 ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။ 9 ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။ 10 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအစဖြစ်၏။ သန့်ရှင်းသောအရှင်ကိုသိသောဉာဏ်သည် အသိဉာဏ်ဖြစ်၏။ 11 အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။ 12 သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။ 13 မိုက်မဲသောမိန်းမသည် အာကျယ်၍ ဉာဏ်တိမ်ပြီး မည်သည့်အရာကိုမျှမသိတတ်။ 14 သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက် 15 လမ်း၌ဖြတ်သန်းသွားလာသောသူများ၊ မိမိတို့လမ်းခရီးကို ဖြောင့်တန်းစွာသွားနေသောသူများအား 16 “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း 17 “ခိုးသောက်သောရေသည် ချို၍ ဝှက်စားသောမုန့်သည် အရသာရှိ၏”ဟု ဆို၏။ 18 သို့ရာတွင် ထိုအရပ်၌ သေသူ၏ဝိညာဉ်များရှိကြသည်ကိုလည်းကောင်း၊ ထိုမိန်းမ၏ဧည့်သည်များသည် မရဏာနိုင်ငံ၏နက်ရာအရပ်များ၌ ရှိကြသည်ကိုလည်းကောင်း ထိုသူမသိချေ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative